ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ် ဒေသခံ ၃၆ ဦး ကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တပ်သားသစ် စုဆောင်းရန်ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ နိုဝင်ဘာ ၂၀ရက်နေ့ နမ္မတူမြို့နယ် မိုင်းဟတ်ကျေးရွာ အုပ်စုမှ မိုင်းဟတ်ရွာသား ၁၁ ဦး၊ နိုဝင်ဘာ ၂၁ ရက်နေ့က မန်နားကျေးရွာသား ၁ ဦး နှင့် ဒီဇင်ဘာ ၁၀ရက်နေ့က ကျောက်မဲမြို့နယ် ပန်ထွမ်ကျေးရွာ အုပ်စု ပန်ထွမ်ကျေးရွာသား ၂၄ ဦးတို့ကို TNLA တပ်ဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ယမန်နေ့ အရေးပေါ် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ က ရွာသား ၂၄ ယောက်ကို လာခေါ်သွားတယ်။ SNLD အလုပ်အမှုဆောင် ၅ ဦးပါသွားတယ်။ ၆ တန်းကျောင်းသား တဦး လည်းပါတယ်။ လူငယ်ပိုင်းက ပိုများတယ်” ဟု ကျောက်မဲမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် ၁ မှ စိုင်းထွန်းဝင်း က ဧရာဝတီသို့ပြောသည်။
TNLA သည် လူသစ်စုဆောင်းခြင်း၊ ပြည်သူများကို အတင်းအဓမ္မခေါ်ဆောင်သွားခြင်းက လူ့အခွင့်အရေး ကို ချိုးဖောက်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေက TNLA တပ်ဖွဲ့ က တပ်သား သစ်စုဆောင်းခြင်းကြောင့် ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာမှ ဒေသခံများ ထိတ်လန့်ကာ ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း စိုင်းထွန်းဝင်းက ပြောသည်။
“ မတည်မငြိမ်ဖြစ်နေတဲ့ကြားထဲကနေ ဒီလို လူသစ်စုဆောင်းတော့ လူတွေ ထိတ်လန့်စေပါတယ်။ ခေါ်ဆောင်သွားတဲ့သူကိုတော့ ရိုက်နှိက်ထားတော့ မရှိပါဘူး။ ရွာသားတွေ ဖမ်းပြီး နောက်ပိုင်း ကျောက်မဲ မြို့ပေါ် ယဉ်ကျေးလိမ္မာ ဓမ္မာရုံမှာ ပန်ကွမ် ကျေးရွာ က ဒေသခံ ၁၃၈ ဦး လာပြီး ခိုလှုံနေရတယ်” ဟု စိုင်းထွန်းဝင်း ကဆိုသည်။
လူသစ်စုဆောင်းခြင်းသည် TNLA တပ်ဖွဲ့ ၏ ပေါ်လစီအရ စုဆောင်းခြင်းဖြစ်ပြီး၊ ပလောင်(တအာင်း) လူမျိုးများကိုသာ စုဆောင်းကြောင်း၊ တခြား လူမျိုးများဖြစ်နေပါက ပြန်လွှတ်ပေးကြောင်း TNLA ၏ အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီး တာဘုန်းကျော် က ဧရာဝတီသို့ပြောသည်။
ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က “ပန်ကွမ်ရွာက ၂၄ ဦးကို ကျနော်တို့ စိစစ်နေပါတယ်။ ပန်ကွမ်ရွာက ပလောင်ရွာပါ။ အဲဒီမှာ ရှိတာကလည်း SNLD အဖွဲ့ဝင်ဖြစ်နေတာ ကျနော်မသိရပါဘူး။ ရှမ်းဆိုရင် ကျနော်တို့ မခေါ်ပါဘူး” ဟု ပြောသည်။
ဆက်လက်ပြီး နမ္မတူမြို့နယ်အတွင်း ဖမ်းဆီးသည့် ၁၂ ဦးသည် အရပ်သားများ မဟုတ်ကြောင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်း တပ်မတေ်ာ (RCSS) မှဖွဲ့စည်းထားသည့် ပြည့်သူစစ်များဖြစ်ကြောင်း၊ ထို ၁၂ ဦးကို ယမန်နေ့ တွင် ပြန်လည်လွှတ်လိုက်ပြီးဖြစ်ကြောင်း ကိုလည်း ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ထပ်မံပြောသည်။
မြန်မာ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တပ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးလွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာ ၂၀ရက်မှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။