Eleven Media Group ၏ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးခြင်းသည် အရိုက်ခံရ၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း အတည်ပြုပြီး အမှုနောက်ကွယ်မှ အခြေအနေများကို ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း မုံရွာမြို့မရဲစခန်းက ပြောဆိုသည်။
ဒဏ်ရာများနှင့် သေဆုံးနေသည့် သတင်းထောက် ကိုစိုးမိုးထွန်း၏ ရုပ်အလောင်းကို မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်း ဂေါက်ကွင်း အနီးတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆေးစစ်ချက်များအရ အရိုက်ခံထားရသည့် ဒဏ်ရာကြောင့် ဦးခေါင်းကွဲပြီး သေဆုံးခြင်းဖြစ်ကြောင်း မုံရွာမြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ် စိုးမင်းထွန်းက ပြောသည်။
ဒုရဲအုပ် စိုးမင်းထွန်းက “သူက အရိုက်ခံရပြီး သေဆုံးတာပါ။ ဆရာဝန်ကြီးတွေရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဦးခေါင်းကို ရိုက်တဲ့ ဒဏ်ရာကြောင့်မို့လို့ ဦးခေါင်းခွံရိုး ကျိုးပြီးတော့ ဦးနှောက် အမှေးပါးအောက်ကို သွေးယိုစိမ့်ပြီးတော့ သွေးခဲတာ။ အဓိက အဲဒီအချက်နဲ့ သေဆုံးတာ” ဟု ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားသည့် ညက မုံရွာမြို့ ပြည်ထောင်စု လမ်းပေါ်တွင် ဆိုင်ကယ်တစီးနှင့် လူတဦး လဲကျနေကြောင်း ရဲစခန်းထံ အကြောင်းကြားလာသဖြင့် သွားရောက် စစ်ဆေးရာ လဲနေသည့် ဆိုင်ကယ်အနီးတွင် ကိုစိုးမိုးထွန်းအား မှောက်လျှက် အနေအထား တွေ့ရှိရကြောင်း၊ ဦးခေါင်းတွင် အကွဲ၊ အပြဲဒဏ်ရာ ၂ ချက်၊ ဝဲဘက်မျက်ခုံးတွင် အကွဲအပြဲ ဒဏ်ရာ ၁ ချက် နှင့် ခြေသလုံးနှင့် လက်မောင်းတို့တွင်လည်း ညိုမည်း ပွန်းပဲဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း ရဲကပြောသည်။
သေဆုံးနေသည့် ကိုစိုးမိုးထွန်းထံမှ ပစ္စည်းများမှာမူ ပျောက်ဆုံးခြင်း မရှိကြောင်း၊ ၎င်းထံမှ တွေ့ရှိရသော ကျပ်ငွေ တချို့ လက်စွပ် တကွင်း၊ ဘဏ်စာအုပ် နှင့် မှတ်ပုံတင်တို့ကို မိသားစုထံ ညတွင်းချင်းမှာပင် အပ်နှံခဲ့ပြီးဖြစ်ကြောင်း ဒုရဲအုပ် စိုးမင်းထွန်းက ပြောသည်။
Eleven Media Group အနေဖြင့် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးခြင်းနှင့် ပတ်သက်၍ လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်နေလျှက်ရှိပြီး ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ အနေဖြင့်လည်း ဖြစ်စဉ်ကို အမြန်ဆုံး စုံစမ်း ဖော်ထုတ်ပေးပါရန်လည်း Eleven Media Group ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
Eleven Media Group ၏ တာဝန်ခံ အယ်ဒီတာ ဦးကျော်ဇောလင်းက “ဒီလိုမျိုး သတ်ဖြတ်ခံရတဲ့ အတွက် အမှုမှန် ပေါ်ပေါက်ဖို့ အတွက် တိုက်တွန်း တောင်းဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို ကျနော်တို့က လုပ်ဆောင် နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုစိုးမိုးထွန်းသည် Eleven Media Group သို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ တရက်နေ့က နယ်သတင်းထောက် အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး မုံရွာမြို့နယ်တဝိုက်ရှိ ဒေသန္တရ သတင်းများအပါအဝင် လက်ပံတောင်းတောင် စီမံကိန်းသတင်းများ၊ တရားမဝင် သစ်သတင်းများ၊ မြေယာကိစ္စ သတင်းများကို ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။
ကိုစိုးမိုးထွန်း၏ မိတ်ဆွေလည်းဖြစ် မုံရွာဂေဇက်၏ တာဝန်ခံ အယ်ဒီတာလည်း ဖြစ်သည့် ကိုသက် က “သူက ကျနော်တို့နဲ့ အမြဲတမ်း မိတ်ဆွေ အပေါင်းအသင်းပါ။ သစ်မှောင်ခိုကိစ္စတွေ၊ သစ်ခိုးထုတ်တဲ့ သတင်းတွေကို ရေးရတာ အားသန်ပါတယ်။ အဲဒါကိုလည်း ပိုပြီးတော့ စိတ်ပါဝင်စားစွာ လိုက်တဲ့ အနေအထားမှာတော့ တွေ့ရပါတယ်။ သူဘာကြောင့် အရိုက်ခံရတယ် ဆိုတာကတော့ ပြောရခက်ပါတယ်။ သူ့ကို ရိုက်နှက်သွားတဲ့သူတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး စစ်ဆေးမေးမြန်းမှသာလျှင် ဘာကြောင့်လဲဆိုတာ သိရမှာပေါ့။ အခုကတော့ အားလုံးက မှန်းပြီးပြောနေကြတဲ့ အနေအထားပေါ့” ဟု ကိုသက်က ဧရာဝတီသို့ ပြောသည်။
သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့မှ ရဲစခန်းမှ အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆၊ (ပ) ၁၅၆၄/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။