ပြည်သူများ၏ ထုတ်ဖော်ပြောဆိုခွင့်အတွက် ငွေကြေးတစုံတရာ ပေးအပ်ရန်မလိုဘဲ သတင်းစာ ရှင်းလင်းပွဲများလက်ခံပြုလုပ်ပေးသည့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အမည်ကို အသုံး ချကာ ငွေကြေးလိမ်လည်တောင်းခံသူအား ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ MJN ရုံးတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် MJN အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောသည်။
ဖြစ်စဉ်မှာ ဦးကျော်မင်းဆိုသူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်လို၍ သူရိယအလင်းဂျာနယ်မှ ဦးသီဟကို ဆက်သွယ်ခဲ့ရာ ၎င်းက နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသန့်ဇင်နှင့် မိတ်ဆက်ပေးခဲ့ ကြောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသန့်ဇင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဟုဆိုကာ ငွေကျပ် ၃ သိန်း တောင်းသဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက်နှင့် ၁၁ ရက်နေ့တို့တွင် ပေးခဲ့ရကြောင်း ဦးကျော်မင်းက ပြောသည်။
ဦးဇေယျာလှိုင်က “MJN မှာ လာရောက်ပြီးရှင်းလင်းပွဲလုပ်ချင်လို့ ဘာမှပေးစရာမလိုပါဘူး၊ တောင်း တဲ့သူတွေရှိရင်လည်း ပြည်သူတွေကမပေးပါနဲ့၊ စာနယ်ဇင်းကောင်စီကို လှမ်းတိုင်လို့ ရပါတယ်၊ ကျင့်ဝတ် ဖောက်ဖျက်တဲ့ သတင်းသမားတွေကို ရှုတ်ချပါတယ်”ဟု ပြောသည်။
အဆိုပါ ငွေကြေးရယူခဲ့မှုနှင့်ပတ်သက်၍ သူရိယအလင်းဂျာနယ်မှ ဦးသီဟနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသန့်ဇင်တို့ကို လာရောက်ဖြေရှင်းရန် MJN က ဆက်သွယ်ခဲ့သော်လည်း ဖြေရှင်းမှုမရှိခဲ့ကြောင်း သိရသည်။
ငွေ ၃ သိန်းပေးခဲ့ရသူ ဦးကျော်မင်းက သတင်းစာရှင်းလင်းပွဲကို MJN ရုံး၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၃၀ ရက်နေ့က ရှင်းလင်းပွဲပြုလုပ်နိုင်ခဲ့ကြောင်း၊ ငွေကြေးတောင်းခဲ့သူ ဦးသန့်ဇင်ကိုမူ တရားစွဲဆိုမှု ပြုလုပ်တော့မည် မဟုတ်ကြောင်းလည်း ယနေ့ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောခဲ့သည်။