ပြီးခဲ့သည့် လအတွင်းက ရွှေ့ဆိုင်းခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၆ ကြိမ်မြောက် ညီလာခံကို ၎င်းတို့၏ ဌာနချုပ် ဖြစ်သော ဘားအံမြို့လေးဝါး(လော်ခီးလာ) စခန်း၌ မတ်လလယ်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့မှ စတင်၍ ၃ ပတ်ကြာပြုလုပ်မည့် ညီလာခံတွင် KNU ၏ အုပ်ချုပ်ရေးခရိုင် ၇ ခု ဖြစ်သည့် သထုံ၊ ညောင်လေးပင်၊ ဘားအံ၊ ဖာပွန်၊ ဒူးပလယာ၊ တောင်ငူ နှင့် ထားဝယ် ဒေသများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်ပြီး အဆိုပါညီလာခံတွင် ဗဟိုကော်မတီဝင်များနှင့် ဌာနအကြီးအကဲများ အပါအဝင် အနာဂတ်ခေါင်းဆောင်များကို ရွေးချယ်မည်ဖြစ်သည်။ KNU ၏ နောက်ဆုံးညီလာခံကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် KNU ညီလာခံကို ရွှေ့ဆိုင်းခဲ့ ပြီးနောက် KNU က ငြိမ်းချမ်းရေး ဖြစ်စဉ် အတွင်းတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ မလုပ်ချင်၍ ဖြစ်ကြောင်း ခန့်မှန်းမှုများ ပေါ်ထွက်ခဲ့သည်။ KNU က တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ၂၀၁၅ ခုနှစ်၊ ယခင်အစိုးရ လက်ထက်တွင် ရေးထိုးခဲ့သည်။
KNU ဥက္ကဌ စောမူတူးဆေးဖိုးက သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် ယခင်အစိုးရနှင့်ရော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး ရှိသူအဖြစ် သိထားကြသည်။ အတွင်းပိုင်းတွင် အဖွဲ့ ကွဲခြင်းများနှင့် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း KNUခေါင်းဆောင်များ၏ ကြိုးပမ်းမှုဖြင့် KNU နှင့် မြန်မာတပ်မတော်ကြား နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ခဲ့သည့်တိုက်ပွဲများကို ၂၀၁၂ ခုနှစ်တွင် အပြန်အလှန် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးပြိး အပစ်ရပ်ခဲ့သည်။
“ခေါင်းဆောင်မှု အသစ်ပဲ ဖြစ်ဖြစ် အဟောင်းပဲ ဖြစ်ဖြစ် ကျနော်တို့က ချမှတ်ထားတဲ့ မူဝါဒအပေါ်မှာပဲ လိုက်ပါ ဆောင်ရွယ်မယ်။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ မူကို ဆုပ်ကိုင်ထားတာပါ” ဟု KNU အတွင်းရေးမှူးတဦး ဖြစ်သောဖဒိုမန်းမန်းက ပြောသည်။
“လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကျနော်တို့မှာ အမြင်ကွဲတာတွေရှိကြပေမယ့် ကျနော်တို့ညီလာခံက ချမှတ်လိုက်တဲ့ မူဝါဒတွေကို ကျနော်တို့ အားလုံးလေးစားသွားမှာပါ” ဟု သူက ဧရာဝတီသို့ ပြောသည်။
ကရင်တိုင်းရင်းသား အများအပြားကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အားလုံးပါဝင်သည့် လမ်းကြောင်းအတိုင်း ဖြည်းဖြည်းမှန်မှန်သွားသင့်သည်ဟု မြင်ကြသည်။
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အချိန်ပေးရပါမယ်။ ကျမတို့က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ရည် ရွယ်ထားပေမယ့် ခုချိန်အထိ အဖွဲ့အားလုံး မပါဝင်နိုင်သေးဘူး” ဟု ကရင်အမျိုးသမီးအဖွဲ့ (KWO) ၏ အတွင်းရေးမှူး နော် ကညောဖောနမ်င်းရွတ် (NawK’Nyaw Paw Nimrod)က ပြောသည်။
“အခုအချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အတွက် အခြေအနေက ပိုဆိုးလာတယ်။ အဲဒီအတွက် ကျမတို့ စိတ်မကောင်းဘူး။ အားလုံးပါဖို့ အားမရှိသလို ဖြစ်နေတယ်” ဟု သူက ထပ်ပြောသည်။
KNU ညီလာခံကျင်းပရေးကော်မတီက ကရင်အရပ်ဘက် အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ နှင့် နိုင်ငံခြားတွင် အခြေချနေထိုင်သည့် ကရင်တိုင်းရင်းသားများကို ဖိတ်ကြားသွားသည်ဟု ဖဒိုမန်းမန်းက ပြောသည်။ ညီလာခံတက်ရောက် မည့်သူများထဲတွင် အမျိုးသမီးက ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၎င်းထက်များမည်ဟု သိရသည်။
နိုင်ငံရေးဦးဆောင်မှုပိုင်းတွင် အမျိုးသမီးက ၃၀ ရာခိုင်နှုန်း ပါဝင်ရန် သတ်မှတ်ထားသော်လည်း ဗဟိုခေါင်းဆောင်ပိုင်း ၁၁ နေရာတွင် အမျိုးသမီးအဖြစ် KNU ဒုတိယဥက္ကဌ နော်စီဖိုးရာစိန် တဦးသာ ပါဝင်နေသည်။
၃၀ ရာခိုင်နှုန်းခွဲတမ်းကို ပြည့်မီရန်အတွက် ခရိုင်တခုချင်းတွင် အမျိုးသမီးကိုယ်စားလှယ် အနည်းဆုံး ၅ ဦးပါဝင်ရန် လိုအပ်သည့် အတွက် ခရိုင်အဆင့်တွင် အမျိုးသမီးခေါင်းဆောင်များ ပိုမိုပါဝင်လာနိုင်ရန် အားပေးသင့်သည်ဟု နော် ကညောဖောက ဧရာဝတီသို့ ပြောသည်။
ညီလာခံသို့ ကရင်အမျိုးသမီးအဖွဲ့ (KWO) မှ ကိုယ်စားလှယ် ၂ ဦးတက်ရောက်ရန် ဖိတ်ကြားခံထားရသည်။
သူတို့က လူငယ်များနှင့် အမျိုးသမီးများ ပိုမိုပါဝင်လာသည့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို မြင်တွေ့ချင်ကြသည်။
“တော်လှန်ရေးအတွက် သူတို့ ဘဝတလျှောက်လုံး ပေးဆပ်ခဲ့တဲ့ ကျမတို့ လူကြီးတွေကို လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းမှာ လူငယ်တွေ မျက်နှာသစ်တွေ ပိုမိုပါဝင်လာတာကို ကျမတို့ မြင်ချင်ပါတယ်” ဟု နော်ကညောဖောက ထပ်ပြောသည်။