ရခိုင်ပြည်နယ် အရေးကိစ္စများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှင်းပြနိုင်ရန် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
ရခိုင်အရေး ကိစ္စကို နိုင်ငံတကာ၏ စိုးရိမ်နေမှုများနှင့် ပတ်သက်၍ ရှင်းပြရန် ရှိပြီး မြန်မာအစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှု အခြေအနေများကိုလည်း “အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေး” ခေါင်းစဉ်ဖြင့် ရှင်းလင်း တင်ပြနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်ဆင်နေသည်ဟု ယင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ဧရာဝတီသို့ ပြောသည်။
ဒေါ်အေးအေးစိုးက “အဓိကကတော့ ရခိုင်မှာ ဖြစ်နေတဲ့ ကိစ္စမျိုးတွေ ပါမယ်။ ကျမတို့ဘက်ကလည်း အဲဒီ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နေလဲဆိုတာ ရှင်းပြမယ်။ နိုင်ငံတကာမှာ စိုးရိမ်ပြီးတော့ လွန်လွန်ကျူးကျူး ပြောတာတွေက မဟုတ်ဘူးဆိုတဲ့ အကြောင်းနဲ့ ကိုယ့်ဘက်က ဘာတွေ လုပ်နေတယ်ဆိုတာကို ကိုယ်လုပ်ငန်းတွေကို ရှင်းလင်း တင်ပြမှာပေါ့” ဟု ဆိုသည်။
အစည်းအဝေး၏ တရားဝင် နာမည်မှာ အလွတ်သဘော ဖြစ်ပြီး ခေါင်းစဉ်တပ် မထားသည့်အတွက် ကြိုက်သည့် ခေါင်းစဉ်ဖြင့် နိုင်ငံအသီးသီးက ဆွေးနွေးနိုင်ကြောင်း၊ ပွဲပြီးပါကလည်း မည်သည့် ထုတ်ပြန်ချက်မှ ထူးထူးခြားခြား ထုတ်ပြန်မည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
ယနေ့အထိ တက်မည့် နိုင်ငံများ၏ စာရင်းကို အတိအကျ မရရှိသေးသော်လည်း အာဆီယံ အတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံ နိုင်ငံအားလုံး ပါဝင်လာလိမ့်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာက မျှော်လင့်ထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာ၏ ချဉ်းကပ်မှုမှာ မတူညီဘဲ တုန့်ပြန်လှုပ်ရှား ဆောင်ရွက်မှုတို့မှာလည်း ကွဲပြားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ဧရာဝတီသို့ ပြောသည်။
“အင်ဒိုနီးရှား သံအမတ်ကြီးဆိုရင် မြေပြင်မှာ ဖြစ်နေတာနဲ့ သတင်းမှာ ဖော်ပြနေတာတွေက ကွာတယ်ဆိုတာကို သူကိုယ်တိုင် ဌာနချုပ်ကို သတင်းပေးတယ်။ ဌာနချုပ်မှာ သွားပြီးတော့ သူ့ဝန်ကြီးကို ရှင်းပြတယ်။ သူ့ဝန်ကြီးနဲ့ သူနဲ့ကနေပြီးတော့ အဲဒီမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို လိုက်တွေ့တယ်။ ဖြစ်စဉ် စဖြစ်ကတည်းက အင်ဒိုနီးရှား ကနေပြီးတော့ မြန်မာဘက်က လိုက်ပြီးတော့ တော်တော်လေး ရှင်းပြပေးတာတွေ လုပ်တယ်” ဟု ဦးကျော်ဇေယျက ပြောသည်။
ရခိုင်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနက မလေးရှား၊ အင်ဒိုနီးရှား၊ ဘရှုနိုင်းနိုင်ငံတို့မှ သံအမတ်ကြီး ၃ ယောက်ကို ခေါ်ယူ ရှင်းပြခဲ့ဖူးကြောင်း၊ လာမည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ် ဆွေးနွေးပွဲတွင်လည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှင်းပြသွားမည် ဖြစ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ မွတ်စလင်များ သတ်ဖြတ်ခံနေရသည်ဆိုသော စွပ်စွဲချက်များဖြင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာလဆန်းပိုင်းက ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းဆန္ဒပြမှုကို မလေးရှား ဝန်ကြီးချုပ် ကိုယ်တိုင် ဦးဆောင်ခဲ့သဖြင့် မြန်မာအစိုးရက အာဆီယံ ပဋိညာဉ်ကို လိုက်နာရန် သတိပေးခဲ့သည်။
မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့သည် မွတ်စလင်အများစု နေထိုင်သည့် အာဆီယံ ဒေသတွင်း နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံရှိ မွတ်စလင်၊ ဘင်္ဂါလီများ အရေးနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့် နိုင်ငံများ ဖြစ်သည်။
ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာအစိုးရနှင့် ရခိုင်အရေး ဆွေးနွေးမှုများ ရှိခဲ့သည်။