သတင်း

တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ်ကို အငှားယာဉ်မောင်းက ပြန်လည် အမှု ဖွင့်မည်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ၎င်းကို အငှားယာဉ်ပေါ်မှလူတစုက လိုက်လံ နှောင့်ယှက်ကာ အသက်အန္တရာယ် ပြုလုပ်ခဲ့သည်ဆိုကာ တောင်ဒဂုံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည့်အပေါ် အငှားယာဉ်မောင်းဘက်ကလည်း ပြန်လည်အမှု ဖွင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်သည် ကားအချင်းချင်း ရှောင်တိမ်းရင်းရာမှ တဦးနှင့်တဦးစကားများ ရန်ဖြစ်ခြင်းဖြစ်ရာ ဦးညီညီတို့ဘက်က စွပ် စွဲထားသကဲ့သို့ တမင်သက်သက် လိုက်လံနှောင့်ယှက်၍ အသက်အန္တရာယ် ပြုမူခြင်း မဟုတ်ကြောင်း၊ အဖြစ်မှန်ကို သိစေချင်သည့်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ပြီး ရှေ့နေများနှင့်တိုင်ပင်ကာ ပြန်လည် အမှု ဖွင့်သွားမည် ဖြစ်ကြောင်း ဦးရင်ကြည်က ဧရာဝတီကို ပြောသည်။

“အန်ကယ်တို့ ညက ရဲစခန်းမှာခေါ်စစ်ခံရပါတယ်။ သူတို့ဘက်ကနေ အမှုဖွင့်ထားတယ်။ အန်ကယ်တို့လည်း ပြန်လည်ဖြေ ရှင်းပြီး ဥပဒေအရ သက်ဆိုင်ရာကနေ ပြန်အမှုဖွင့်မှာပါ။ ရှေ့နေရှေ့ရပ်နဲ့တိုင်ပင်ပြီး အမှုပြန်ဖွင့်မှာပါ။ အမှုကို အမှန်အတိုင်း မဖွင့်ဘဲ ကိုးကားပြီး ရေးထားတဲ့အတွက် ပြန်လည်ချေပတဲ့သဘောပါ။ ကားပေါ်မှာပါတဲ့ကလေးတွေဟာ တကယ့်ကို Simple ဖြစ်တယ်။ တခါမှ ရာဇဝတ်မှုကျူးလွန်မှု မရှိတဲ့ကလေးတွေပါ” ဟု ၎င်းက ရှင်းပြသည်။

ဦးရင်ကြည်သည် သာကေတမြို့နယ်၊ စက်မှုဇုန်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကိုလည်း ယခင်ကသိရှိခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ဦးရင်ကြည်၏မိသားစု၊ ရပ်ကွက်အတွင်းရှိ ပရဟိတလူငယ်များနှင့် ကုမ္ပဏီဝန်ထမ်းများပါဝင်သည့် ကား ၄ စီးသည် ကျိုက်ထီးရိုးဘုရားဖူးခရီးမှ အပြန်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးညီညီတို့ဘက်က ပြောဆိုထားသည့် အငှားယာဉ် အနက်ရောင်ပေါ်တွင် ၎င်း၏မြေးနှင့်တူ အပါအဝင် တခြား လူငယ် ၂ ဦး ပါဝင်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဦးညီညီက ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်ရုံး၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သလို အငှားယာဉ်ဘက်မှလည်း ဦးညီညီ၏ပြောကြားချက်များကို ပြန်လည်ချေပသည့်အနေဖြင့် ဒီဇင် ဘာ ၁၃ ရက် နေ့လယ်တွင် သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ခဲ့သည်။

ဦးညီညီနှင့်အတူ ဒဂုံမြို့နယ်အလုပ် အမှုဆောင်အဖွဲ့ဝင်၊ ၁၇ ရပ်ကွက် အလုပ် အမှုဆောင်ဥက္ကဋ္ဌများ လိုက်ပါလာသည့်ကား သည် ဒီဇင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်တွင် မြို့နယ် NLD ရုံးရန်ပုံငွေပွဲမှ အပြန်တွင် နောက်မှ မောင်းလာသည့် အငှားကား တစီးက အော်ဟစ်ဆဲဆိုသွားခဲ့ပြီး ရန်ပြုမည့် အခြေအနေ ဖြစ်ခဲ့သည့်အတွက် တောင်ဒဂုံရဲစခန်းသို့ ဖုန်းဆက် တိုင်ကြားခဲ့ရာ အကူအညီ ပေးခဲ့ခြင်း မရှိကြောင်း ဦးညီညီက ရှင်းပြသည်။

ဖြစ်စဉ်သည် လေးထောင့်ကန်မှ အပြန် တိုးဂိတ်အကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ကားနံပါတ်ကို မှတ်မိ သော်လည်း ယင်းအငှားကားဖြင့် လိုက်လံနှောင့်ယှက်သူများကို မသိကြောင်း၊ ကားထဲတွင် လူလေး၊ ငါးယောက်ပါလာ ကြောင်း၊ နောက်ဆုံးတွင် ရဲစခန်းဘက်သို့မောင်းပြေးခဲ့ရာ ရဲစခန်းထဲမှ  ရဲတယောက်ထွက်လာသည့်အခါမှ နောက်မှ လိုက် လာသည့် အငှားယာဉ်သည် မောင်းထွက်သွားကြောင်း ပြောသည်။

ဦးညီညီက “ရန်ငြိုးရန်စမရှိပါဘူး။ ဒီလူတွေ ကျနော် မြင်တောင်မမြင်ဖူးပါဘူး။ တခုတော့ရှိတာပေါ့။ ကျနော်မေးတဲ့မေးခွန်း တွေနဲ့ ဆက်စပ်မှုရှိနေလား။ စသဖြင့်ပေါ့ ကျနော် မြေယာလိုကိစ္စမျိုးတွေမေးတယ်။ အိမ်အခွန်ကိစ္စတွေရှိမယ်။ မြို့နယ်မှာ အင်နဲ့အားနဲ့ခြံဝန်းခတ်ပြီး မြေယာသိမ်းတဲ့ကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တာရှိတယ်။ ဒါတွေနဲ့ဆက်စပ်မှုရှိလားဆိုတာ ကို စဉ်းစားသင့်တယ်” ဟု  ဆိုသည်။

အခင်းဖြစ်ပွားသည့်ညတွင်းချင်းပင် ဦးညီညီနှင့်အတူလိုက်ပါလာသည့် မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်း က တောင်ဒဂုံရဲစခန်းတွင် ပုဒ်မ ၁၉၄၊ ပုဒ်မ ၅၀၆ နှင့် ပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ပြီး အသက်အန္တရာယ်ကိုပါ ရန် ရှာသည့်အတွက် ပုဒ်မ ၃၀၇ ပါထပ်မံဖွင့်ဆိုပေးရန် စခန်းမှူးထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးမြင့်ဝင်းက ဧရာဝတီကို ပြောသည်။

ဦးမြင့်ဝင်းက “လွှတ်တော်ကိုယ်စားလှယ်ရော၊ ကျနော်တို့ပြည်သူတွေရော ဘယ်သူမှ ဒါကို မကျေနပ်ပါဘူး။ ပြည်ထဲရေး ဌာနလက်အောက်မှာ ရဲတွေရဲ့ ဝန်ဆောင်မှုညံ့တာ၊ အင်မတန် အားနည်းချက်တွေ ရှိနေတာကို ကြုံတွေ့ခံစားရပြီးတော့ ကိုယ်စားလှယ်တယောက်ရဲ့လုံခြုံမှုကို မပေးနိုင်တဲ့ ပြည်ထဲရေးဌာနကို အယုံအကြည်မဲ့သလို ခံစားရပါတယ်” ဟု ဆိုသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တောင်ဒဂုံရဲစခန်းသို့ ဧရာဝတီမှ အကြိမ်ကြိမ်ဖုန်းဆက်မေးမြန်းခဲ့သော်လည်း အမှုဖွင့်ထား သည်ကိုသာ အတည်ပြုပေးပြီး ပုဒ်မများနှင့် ရဲစခန်းမှဆောင်ရွက်နေမှုများကို အသေးစိတ်ဖြေကြားပေးခြင်းမရှိပါ။

Loading