ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် နိုင်ငံတကာက စိတ်ဝင်စားသည့် ကိစ္စဖြစ်၍ ပြည်တွင်း ပြည်ပ အားလုံးက လက်ခံနိုင်မည့် အစီရင်ခံစာ ဖြစ်ရေးကို ကြိုးစား ဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့က ဆိုသည်။
မောင်တော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသည့် စုံစမ်းရေး စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် မောင်တော ဒေသသို့ ၃ ရက်ကြာ ကွင်းဆင်း စစ်ဆေးပြီး၊ ၎င်းတို့၏ လေ့လာ စုံစမ်းခဲ့မှုများနှင့် ပတ်သက်၍ ကော်မရှင် အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က အထက်ပါအတိုင်း ပြောဆိုကြောင်း အစိုးရ သတင်းများ၌ ဖော်ပြထားသည်။
ဒေါက်တာ အောင်ထွန်းသက် က “မောင်တော အကြမ်းဖက်မှုဟာ နိုင်ငံအတွက် အန္တရာယ်ကြီးတယ်၊ အထိတ်တလန့် ဖြစ်စရာ လည်းကောင်းတယ်၊ ဒါကြောင့် ကောလဟာလတွေ၊ အရေးအသားတွေကို ထဲထဲဝင်ဝင် သိဖို့လိုအပ်တယ်၊ အနာဂတ်မှာ အဲဒီလို မဖြစ်ရအောင် ဘယ်လို အကြံပေးမလဲ ဆိုတာလည်း အရေးကြီးတယ်” ဟု ဆိုသည်။
ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်သည် မောင်တောဒေသသို့ ဒီဇင်ဘာလ ၉ ရက် နေ့မှ ၁၂ ရက်နေ့အထိ သွားရောက်၍ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး စခန်းများ၊ ကျေးရွာများသို့ သွားရောက် ခဲ့ကြပြီး ဖြစ်စဉ်များအား မြင်တွေ့ခဲ့ရသူများနှင့် တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ဒု သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်၌ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ အငြိမ်းစား သံတမန်များ၊ ပညာရှင်များ စသည်ဖြင့် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး၊ ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံတော် သမ္မတထံ အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။
ကော်မရှင်သည် မောင်တော၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမည်ဖြစ်ပြီး၊ အကြမ်း ဖက်သူများ သိမ်းယူသွားသည့် လက်နက်များ ပြန်လည်ရရှိရေး ဆောင်ရွက်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ၌ ဥပဒေအရ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ဆိုသည်များကိုလည်း စုံစမ်း စစ်ဆေးမည်ဟု ကော်မရှင်အဖွဲ့က ထုတ်ပြန်ထားသည်။
ထို့အတူ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မွတ်စလင်အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှု ရှိသည်ဟု နိုင်ငံတကာက စွပ်စွဲပြောဆိုမှုများ၊ အရပ်သားများ ပစ်သတ်ခံရသည်ဟု စွပ်စွဲမှုများ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ စသည်တို့ကိုလည်း နယ်မြေ ရှင်းလင်းရာတွင် ပါဝင်သည့် ကျေးရွာများမှ မွတ်စလင် အမျိုးသမီးများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
ယင်းပြောဆိုမှုများကို ကောလာဟလ ကြားသိနေရသော်လည်း တိတိကျကျ ဖြေဆိုနိုင်ခြင်း မရှိကြဟု ကော်မရှင်အဖွဲ့က ဆိုသည်။
ကော်မရှင် အဖွဲ့ဝင်များသည် အကြမ်းဖက်တိုက် ခံခဲ့ရသည့် နယ်ခြားစောင့် ရဲကင်းစခန်း ဌာနချုပ်နှင့် တခြားစခန်း ၂ ခုသို့ သွားရောက်ခဲ့ပြီး၊ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ အများအပြားကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က “လောလောဆယ်တော့ မောင်တောဒေသက ပုံမှန် အခြေအနေပါ၊ နယ်မြေရှင်းလင်းရေး ကိစ္စတွေကိုတော့ လုံခြုံရေးအဖွဲ့တွေက ဆောင်ရွက်ဆဲပါ။ အကြမ်းဖက်သမားတွေ ရှိနိုင်တဲ့ နေရာတွေမှာပဲ ရှင်းလင်းတာပါ၊ အကြမ်းဖက်သမားတွေ သိမ်းယူသွားတဲ့ လက်နက်တွေ ပြန်ရရင်တော့ နယ်မြေ ရှင်းလင်းရေးတွေ ရပ်ပေးမယ်လို့ ရဲမှူးချုပ် သူရစန်းလွင်ကလည်းပဲ ပြောဆိုထားပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
ထို့အတူ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် ကျေးရွာများမှ မွတ်စလင်များကိုလည်း နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နေသည့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့များနှင့်ပူးပေါင်း ပါဝင်ရန် လုံခြုံရေး တပ်ဖွဲ့က တိုက်တွန်းထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။
မောင်တောဒေသ၌ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်သော်လည်း လုံခြုံရေး အပြည့်အဝ စိတ်မချရသေးကြောင်း၊ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် နေရာများမှ ဒေသခံ တိုင်းရင်းသား အများစုသည် မောင်တောမြို့ပေါ်နှင့် တခြားသော ဒေသများသို့ စွန့်ခွာနေဆဲဖြစ်ကြောင်း၊ ထိုဒေသရှိ စာသင်ကျောင်း အများစုမှာလည်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။
မောင်တောဒေသ အာဏာပိုင်များက ပြောရာတွင် စာသင်ကျောင်း တချို့အား လုံခြုံရေးအရ ပိတ်ထားရဆဲ ဖြစ်သော်လည်း နယ်မြေ တည်ငြိမ်လာသည် နှင့်အမျှ ကျောင်းအားလုံးကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဟု ဆိုသည်။
မောင်တောခရိုင်ရှိ နယ်ခြားစောင့် တပ်စခန်း ၃ ခုအား အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်မှုနှင့် ပတ်သက်၍ မသင်္ကာသူ ၅၇၀ ကျော် ကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားသည်။
ထိုအကြမ်းဖက်မှုကြောင့် ရဲတပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ၊ ကျည်ဆန် အများအပြားကို အကြမ်းဖက်သူများက သိမ်းယူသွားခဲ့သည်။ အကြမ်းဖက်မှု နှင့်ပတ်သက်၍ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း တပ်မတော်မှလည်း အရာရှိအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။