ဈေးကွက်အတွင်း ရောင်းချနေသည့် နာမည်ကြီး အမှတ်တံဆိပ် ငရုတ်သီးမှုန့်များ အပါအဝင် ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ ငရုတ်အကြမ်းဖက်မှုန့် အမျိုးအစားပေါင်း ၆၅၁ မျိုး နမူနာကောက်ယူစစ်ဆေးရာ ရာခိုင်နှုန်း ၆၀ တွင် အသဲကင်ဆာ ဖြစ်စေနိုင်သည့် မှိုဆိပ်ပါဝင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA (ရန်ကုန်ဌာနခွဲ)မှ စုံစမ်းသိရှိရသည်။
မှိုဆိပ်ပါဝင်ကြောင်း တွေ့ရှိခဲ့သည့် တံဆိပ် ၉ ခုမှာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဒေါ်တင် ဆင်ဖြူကျွန်း၊ အိုကေထွန်း၊ မြို့မဆင်ဖြူတော်၊ ဖိုးဝ၊ မြန်မာရနံ့၊ ဒေါ်ထွေး၊ မခင်အေး (မော်လမြိုင်) ၊ KSS ၊ ဘုတ်ဆုံမ တို့ ဖြစ်ကြောင်း သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က စက်တင်ဘာလမှ စတင်ကာ မြန်မာတနိုင်ငံလုံးရှိ ဈေးကွက်များ အတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ အကြမ်းဖတ်မှုန့်များတွင် စားသုံးရန် မသင့်သည့် ဆေးဆိုးနှင့် မှိုပါဝင်မှု ရှိ၊ မရှိ ကောက်ယူစစ်ဆေးရာ Aflatoxun B1 အမည်ရှိ မှိုဆိပ်တမျိုးကို နိုင်ငံတကာ သတ်မှတ်စံနှုန်းထက် ကျော်လွန်ပြီး တွေ့ရှိရခြင်း ဖြစ်ကြောင်း FDA (ရန်ကုန်ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စောလှ က ပြောကြားသည်။
“ ဒေသ ၁၅ ခုကနေ နမူနာ ပို့ပြီး စစ်ထားတယ်။ အဲဒီကနေပြီး လေးဆယ် ရာခိုင်နှုန်းက မှိုဆိပ် ကင်းလွတ်တယ်။ ကျန်တဲ့ ဟာတွေကို ကျမတို့က ထိန်းချုပ်ပေးနေတာ။ အမှတ်တံဆိပ် ပါတဲ့ဟာတွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အကြောင်း ကြားပြီးတော့ လုပ်ငန်းတွေကို အသိပေးလျှက် ရှိတယ်။ လုပ်ငန်းအမှတ်တံဆိပ် မပါဝင်တဲ့ဟာတွေကတော့ ဝယ်ယူတဲ့ နေရာတွေကနေ သက်ဆိုင်ရာ ဈေးတွေကို အကြောင်းကြားပေးတယ်” ဟု ဒေါက်တာ ခင်စောလှက ဆိုသည်။
မှိုဆိပ် တွေ့ရှိရသည့် ငရုတ်မှုန့်များကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနိုင်ရန် ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းများကိုလည်း အကြောင်းကြားထားပြီး သက်ဆိုင်ရာကနေတဆင့် သိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ ၁၀ ရက်နေ့က လုပ်ငန်းရှင်တွေကို ခေါ်ပြီး ဆွေးနွေးပွဲ လုပ်ပေးခဲ့တယ်။ အဲဒီကနေ ထောက်ခံချက်ရတဲ့ လုပ်ငန်းတွေကတော့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိသွားပြီ။ ထောက်ခံချက် မရတဲ့ လုပ်ငန်းတွေကို ထောက်ခံချက် တင်ပါလို့ ကျမတို့ ပြောတယ်။ ယာယီအားဖြင့်ကတော့ ဈေးကွက်ကနေ အကုန်လုံးက သိမ်းပေးရမယ်” ဟု FDA (ရန်ကုန်ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စောလှက ဆိုသည်။
ဈေးကွက်အတွင်း ကောက်ယူစစ်ဆေးသည့် နမူနာ ၆၅၁ မျိုးတွင် အမှတ်တံဆိပ်ပါ အမျိုးအစားပေါင်း ၇၅ ခု ပါဝင်ကြောင်း၊ ယင်းအမှတ်တံဆိပ် ၇၅ မျိုးတွင် FDA ၏ ထောက်ခံချက် ရယူထားသည့် တံဆိပ် ၁၅ ခု ပါဝင်ကြောင်း သိရသည်။
ငရုတ်သီးမှုန့် ဖြန့်ဖြူး ရောင်းချနေသည့် လုပ်ငန်းရှင်များကလည်း ရောင်းချနေသည့် ငရုတ်သီးမှုန့်များတွင် မှိုပါဝင်မှု မရှိစေရေး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။
မှိုပါဝင်မှု အခြေအနေကို လေ့လာစိစစ်ပါက စိုက်ပျိုးသည့် မျိုးစေ့တွင် မှိုဆိပ်ပါဝင်မှု ရှိနေခြင်းကြောင့်လည်း ဖြစ်နိုင် ကြောင်း၊ ယင်းအခြေအနေကို ဖြေရှင်းနိုင်ရန် လုပ်ငန်းရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပါ ပူးပေါင်းပါဝင် ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း အိုကေ ထွန်း ငရုတ်သီးမှုန် ထုတ်လုပ်ဖြန့်ချိရေး ပိုင်ရှင် ဦးကိုကိုထွန်းက ပြောကြားသည်။
“ ငရုတ်သီးမှုန့်မှာ မှိုဆိပ် မပါဝင်ဖို့ဆိုရင် ကျနော်တို့ ဆွေးနွေး အဖြေရှာဖို့ လိုနေပါပြီ။ ဘာဖြစ်လို့လဲဆိုရင် အခုက တောင်သူတွေ စိုက်ပျိုးတဲ့ မျိုးစေ့မှာကိုက မှိုဆိပ်ပါဝင်နေတာကို တွေ့ရတယ်။ အဲဒီတော့ အခု လုပ်ငန်းရှင်တွေက ပြည်တွင်းတောင်သူတွေက ထွက်တဲ့ ငရုတ်သီးတွေကို မဝယ်တော့ဘဲ အိန္ဒိယက ဝင်တဲ့ ငရုတ်တွေကို ဝယ်ဖို့ လုပ်ဆောင်နေကြပြီ။ ဒီလို အခြေအနေ ဖြစ်နေပြီ။ ဒါဆို နောက်ပိုင်း ပြဿနာက တောင်သူတွေမှာ ဒုက္ခေ ရောက်သွားနိုင်တယ်။ တောင်သူတွေရဲ့ အခက်အခဲက မျိုးစေ့ ပြဿနာပဲ။ ကျနော်တို့မှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းပညာတွေ လိုအပ်နေပါပြီ” ဟု ဦးကိုကိုထွန်းက ဆိုသည်။
ယင်းငရုတ်သီးမှုန့်အတွင်း မှိုဆိပ် ပါဝင်မှု အခြေအနေနှင့် ပတ်သက်ပြီး ငရုတ်သီးမှုန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများဘက်မှ ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာနှင့် ပတ်သက်၍ ရှင်းလင်း အသိပေး ပြောကြားရန် ကြိုးစားနေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အမှတ်တံဆိပ် ၁၇ ခုကို နမူနာ စစ်ဆေးရာတွင် ၁၆ ခုတွင် မှိုပါဝင်မှု တွေ့ရကြောင်း၊ ၁၇ ခုတွင် ၁၁ ခုသည် မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ဖြစ်ပြီး ကျန် ၆ ခုမှာ မှတ်ပုံမတင်ထားကြောင်း သိရသည်။