၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၂ ခု၏ ဖြည့်စွက်ငွေ ကျပ်သန်း ဘီယံယံ ၁၃၀၀ ကျော် တောင်း ခံမှုမှ ၆၉ ဘီလီယံ စိစစ်ဖြတ်တောက်ကာ ကျန်ရှိသည့် ဘတ်ဂျက်ပမာဏကို ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
“ဖြည့်စွက်တောင်းခံငွေဆိုတာ ဖြစ်နိုင်ရင် အနည်းဆုံးပဲ ခွင့်ပြုရတာပါ။ အဲဒါကြောင့် နောက်နှစ်မှာ ရွှေ့တောင်းလို့ ရမယ်ဆိုရင် နောက် နှစ်ကို ရွှေ့တောင်းခိုင်းတယ်။ နောက်နှစ်မှာ ရွှေ့တောင်းလို့ မဖြစ်တဲ့ အသုံးစရိတ်တွေ လောက်ကိုသာ ကျနော်တို့က ခွင့်ပြုတာပါ”ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စု လွှတ်တော်သို့ တင်ပြလာသည့် အစိုးရ၏ ထပ်တိုး တောင်းခံငွေ ဘတ်ဂျက်များဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသည် ယခု ဘဏ္ဍာနှစ်အတွင်း ပြီးနိုင်ခြင်း ရှိ၊ မရှိ၊ အမှန်တကယ် သုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များ ဟုတ်၊ မဟုတ်နှင့် ပြည်သူများအတွက် အကျိုးရှိသည့် အသုံးစရိတ် ဖြစ်၊ မဖြစ်တို့အပေါ် မူတည်၍ ဘတ်ဂျက်ခွင့်ပြုခြင်း ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြောသည်။
ယခုကဲ့သို့ ဘတ်ဂျက် အများဆုံး ဖြတ်တောက်ခံရသည့်အထဲတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပါဝင်ပြီး ထပ်တိုးဘတ်ဂျက် တောင်းခံရာတွင် လုံးဝ ဖြတ်တောက်ခြင်း မခံရသည့် ဝန်ကြီးဌာနမှာ ကာကွယ်ရေး ဝန်ကြီးဌာန ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်အတွင်း ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ သိရသည်။
“ကာကွယ်ရေးရဲ့ အသုံးစရိတ်တွေမှာက စစ်သည်တွေရဲ့ လစာ၊ ရိက္ခာ စရိတ်တွေ ပါလာတယ်။ နောက်တခါ သူတို့ရဲ့ တည်ဆောက်ရေး လုပ်ငန်း၊ သူတို့ လည်ပတ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေအတွက် အသုံးစရိတ်တွေ ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ မဖြတ်တောက်ပါ ဘူး”ဟု ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုချက်များအရ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ရဲစခန်းများမှ အချုပ်ခန်း၊ အချုပ် ထောင်များကို လူ့အခွင့်အရေး စံနှုန်းနှင့်အညီ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ခွင့်ပြုပေးခဲ့သော်လည်း ယခုနှစ်အတွင်း မပြီးနိုင်သည့် လုပ်ငန်းများကိုမူ ခွင့်ပြုခဲ့ခြင်း မရှိဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီထံမှ သိရသည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ထပ်တိုးဘတ်ဂျက်တောင်းခံငွေ ကျပ်သန်းပေါင်း ၃၆,၉၂၈ ဒသမ ၅၇၉ သန်းတွင် ၉၀၇၈ ဒသမ ၁၈၄ သန်း လျှော့၍ ခွင့်ပြုခြင်း၊ မြန်မာနိုင်ငံတို့ ဗဟိုဘဏ်က ကျပ်သန်းပေါင်း ၁၃၀,၂၅၄ ဒသမ ၆၄၈ သန်းတွင် ၅၄,၆၆၈ ဒသမ ၉၁၀ လျှော့၍ ခွင့်ပြုခြင်းတို့ကို မနေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ထပ်တိုးဘတ်ဂျက် လုံးဝ တောင်းခံခြင်း မရှိသည့် ဝန်ကြီးဌာနတချို့မှာ သမ္မတရုံး ဝန်ကြီးဌာန၊ အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများ ဝန်ကြီးဌာနတို့ ဖြစ်ကြောင်း သိရသည်။
အစိုးရဌာန အသီးသီး၏ ဘတ်ဂျက် တင်ပြမှုများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ ဆောက်လုပ်ရေး စိစစ်မှု ကော်မတီ၊ စက်ပစ္စည်း စိစစ်မှု ကော်မတီတို့မှ ပထမဆုံး စိစစ် ဖြတ်တောက်ကြောင်း၊ ထိုသို့ စိစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို ဒုတိယ သမ္မတ ၁ ဦးဆောင်သည့် အဖွဲ့က စိစစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဘတ်ဂျက်ကို ဒုသမ္မတ ၂ ဦးဆောင်သည့် အဖွဲ့က စိစစ်လေ့ရှိကြောင်း သိရသည်။
“ဒုတိယ သမ္မတ ၂ ဦး ဦးဆောင်တဲ့ အဖွဲ့က စိစစ်ပြီးတဲ့ ဘတ်ဂျက်တွေကို ဘဏ္ဍာရေး ကော်မရှင်က စိစစ်တယ်။ ကော်မရှင်ကိုတော့ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ဦးဆောင်တယ်။ ပြီးတော့မှ ပြည်ထောင်စု လွှတ်တော်ကို တင်ပြလာခြင်း ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။