မြန်မာအာဏာပိုင်များအနေဖြင့် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် ကိစ္စတွင် သတင်းထောက်လှမ်းခြင်းကို အကြောင်းရင်း တခုအနေဖြင့် ထည့်သွင်းစဉ်းစားသင့်ပြီး သူ့ကို သတ်သူများအား အလျှင်အမြန် ဖော်ထုတ်အရေးယူသင့် သည်ဟု နယူးယောက်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalists-CPJ) က ယနေ့ ပြောကြားလိုက်သည်။
ပြည်တွင်း သတင်းစာတစောင်ဖြစ်သည့် Daily Eleven မှ သတင်းထောက် ကိုစိုးမိုးထွန်းကို ဦးခေါင်းနှင့် မျက်နှာတွင် အတွင်းကြေ ဒဏ်ရာများဖြင့် လမ်းဘေး၌ သေဆုံးနေသည်ကို ဒီဇင် ဘာလ ၁၂ ရက်နေ့ညက တွေ့ရှိခဲ့ရပါသည်။
ကိုစိုးမိုးထွန်း၏ အလောင်းကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ဂေါက်ကွင်းအနီးတွင် တွေ့ရခြင်း ဖြစ်သည်။ သေဆူံးမှုအတွက် ရဲအဖွဲ့က လူသတ်မှုဖြင့် အမှုဖွင့် စုံစမ်းမှုများ ပြုလုပ်နေသော်လည်း သံသယရှိသူ များသို့မဟုတ် သတ်ရသည့်အကြောင်းရင်းတို့ကို မဖော်ထုတ်နိုင်သေးကြောင်း ပြောသည်။ သေဆုံးသူပိုင်ဆိုင်သည့် ပစ္စည်းများ ဖြစ်သော မော်တော်ဆိုင်ကယ်၊ လက်ကိုင်ဖုန်း ၂ လုံး၊ လက်စွပ်တကွင်း နှင့် ငွေကြေးအချို့ကို အခင်းဖြစ်ပွားသည့်နေရာတွင် တွေ့ရှိရသဖြင့် လုယက်ရန်အတွက် သတ်ခြင်းမဟုတ်နိုင်ကြောင်း ဖော်ပြနေသည်။
“သတင်းထောက် ကိုစိုးမိုးထွန်းကို အသတ်ခံရတာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ မြန်မာ အာဏာပိုင်တွေ အနေနဲ့လည်း အမှုကို ဖော်ထုတ်ဖို့နဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ် ချမှတ်နိုင်ဖို့ လုပ်နိုင်တာ အားလုံးကို ဆောင်ရွက်ဖို့ တောင်း ဆိုပါတယ်” ဟု CPJ ၏ အရှေ့တောင် အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin ကပြောသည်။ “ပြစ်ဒဏ်ပေး မခံရတဲ့ အလေ့အထက မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ မြန်မာ အာဏာပိုင် တွေအနေနဲ့ အမှုကို အမြန်ဆုံးဖော်ထုတ် အရေးယူခြင်းအားဖြင့် မီဒီယာသမားတွေကို သတ်ဖြတ်မှု စက်ဝိုင်းကို ချိုးဖျက်သင့်ပါတယ်။”
CPJ ၏ သုတေသနပြုလုပ်မှုအရ မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ်မှစ၍ စာနယ်ဇင်းသမား အနည်းဆုံး ၄ ဦး အသတ်ခံခဲ့ရပြီး ကျူးလွန်သူများမှာ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိခဲ့သည်။ လတ်တလော အနီးဆုံး ဖြစ်ရပ်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက အလွတ်တန်း သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ကို မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မွန်ပြည်နယ်တွင် စစ်တပ် က ဖမ်းဆီးချုပ်နှောင်ထားရင်း သေနတ်နှင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ နောက်လတွင် ကိုအောင်ကျော်နိုင် သေဆုံးမှု အတွက် တပ်သား၂ဦးကို စစ်ခုံရုံးတွင် လျှို့ဝှက် စစ်ဆေးမှုပြုလုပ်ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပြုခဲ့သည်။
အမှုနှင့် ပတ်သက်၍ ရဲအဖွဲ့က သီးခြား စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း ယခုနှစ် ဧပြီလအတွင်းတွင် တရားရုံးတရုံးက သတင်း ထောက် ကို အောင်ကျော်နိုင်သည် သဘာဝမဟုတ်သည့် အကြောင်းများဖြင့် သေဆုံးခဲ့သည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက်တွင် သူတို့၏ စုံစမ်းစစ်ဆေးမှုများကို ရပ်ဆိုင်းခဲ့သည်။