မြန်မာနိုင်ငံတွင် အငြင်းပွားနေပြီး လတ်တလော နိုင်ငံတကာကလည်း အာရုံစိုက်နေသည့် ရိုဟင်ဂျာဟူသော ကိစ္စနှင့် ပတ်သက်၍ သက်သေပြမည့် မြန်မာ့သမိုင်း ဖြစ်ရပ်မှန်စာအုပ်ကို အထောက်အထား များစွာဖြင့် ထုတ်ဝေဖြန့်ချိမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွန်ကြားရေးမှူး (သာသနာရေး) ဦးအောင်ဆန်းဝင်းက “ရိုဟင်ဂျာဆိုတာ မြန်မာမှာ လုံးဝမရှိပါဘူး၊ ဒါကိုသက်သေပြဖို့ သမိုင်းပညာရှင်တွေနဲ့ အဖွဲ့ဖွဲ့ပြီး လုပ်နေတာပါ၊ ခွင့်ပြချက်ရရင် နိုင်ငံတကာ သိအောင်လည်း ဖြန့်ဝေမှာပါ” ဟု ဧရာဝတီသို့ပြောသည်။
ရိုဟင်ဂျာ စကားလုံးမှာ ပါလီမန် ဒီမိုကရေစီခေတ် မောင်တောနှင့် ဘူးသီးတောင် မဲဆန္ဒနယ်များမှ တိုင်းပြည်ပြု လွှတ်တော်အမတ် ဘင်္ဂါလီလူမျိုး အဗ္ဗဒူဂဖား၏ သင်္ဘောပျက်အရေးကို ပြည်ထဲရေးဝန်ကြီးနှင့် အတွင်းဝန်တို့ထံ ၂၀-၁၁-၁၉၄၈ ရက်နေ့က ပေးပို့သည့် အစီအရင်ခံစာတွင် ရိုဟင်ဂျာ စကားလုံး ထည့်သွင်းရာမှ စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမိုင်းဖြစ်ရပ်မှန် စာအုပ် ထုတ်ဝေခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင် ဟာဂျီ ဦးအေးလွင်က “ဒီကိစ္စမှာ ဝန်ကြီးဌာနက လုပ်တာဖြစ်တယ်၊ နောက်ပြီး ကျနော်က လက်ရှိမှာ အကြံပေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ်တော့ ဘာမှ မှတ်ချက် မပေးလိုပါဘူး၊ ကော်မရှင်သက်တမ်း ကုန်သွားရင်တော့ ပြောစရာတွေက ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်နှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်သို့ စုံစမ်းစစ်ဆေးရန် သွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် “အကြမ်းဖက်ဆိုတာ မရှိဘူး၊ လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ မရှိဘူး၊ ရိုဟင်ဂျာ ဆိုတာလည်း လုံးဝမရှိဘူး” ဟု အတိအလင်း ရှင်းလင်း ဖြေကြားခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ယင်းသို့ဖော်ပြချက်ပါ စကားလုံးများကို ပြောကြားခြင်းရှိ၊ မရှိ တက်ရောက်လာသူတိုင်း သိရှိသလို ကော်မရှင် အဖွဲ့ဝင်များနှင့် တိုင်ပင်ကာ ပြန်လည် ရှင်းလင်းသွားဖို့ ရှိကြောင်းလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင် ဟာဂျီဦးအေးလွင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်းက လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရိုဟင်ဂျာ အရေး တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီး နိုင်ငံတကာကလည်း အငြင်းပွားဖွယ်ရာ ရိုဟင်ဂျာ ပြဿနာဖြင့်ပင် မြန်မာအစိုးရအပေါ် ဖိအားပေးမှုများ ရှိနေသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ပြဿနာ၊ လူမျိုးရေး ပြဿနာများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တရပ်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က ဦးဆောင်ကိုင်တွယ်လျှက်ရှိပြီး အကြမ်းဖက် တိုက်ခိုက်မှုများ အပေါ် စုံးစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ကိုလည်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကာ ဆောင်ရွက်လျှက်ရှိသည်။
သမိုင်းဖြစ်ရပ်မှန် စာအုပ်ထုတ်ဝေရေးနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတတို့ထံ တင်ပြကာ ခွင့်ပြုချက်ရယူမည်ဖြစ်ပြီး လက်ရှိတွင် သမိုင်ပညာရှင်များက ပြင်ဆင် တည်းဖြတ်မှုများ ပြုလုပ်လျှက်ရှိကာ မည်သည့်အချိန်တွင် ထုတ်ဝေဖြန့်ချိမည်ကို မပြောနိုင်သေးကြောင်း ဦးအောင်ဆန်းဝင်းက ပြောသည်။