သတင်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် အပစ်ရပ်အဖွဲ့များ အသင့်ဖြစ်ပြီ

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ၎င်းတို့အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံးတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission)၊ အပစ်ရပ် ၈ ဖွဲ့ဘက်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) တို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပြီးနောက် တိုင်းရင်းသား ခေါင်းဆောင်များဘက်က ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

ချင်းအမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း က “ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအနေနဲ့ကတော့ အနည်းဆုံး NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေနေရာမှာ အားလုံး ကျင်းပဖို့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။ အဆင်သင့်နီးပါး ရှိပါတယ်” ဟု သတင်းထောက်များကို ရှင်းပြသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ သက်ဆိုင်ရာ ဒေသအသီးသီး၌ ကျင်းပနိုင်ရန် အတွက် ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းရန် လိုအပ်ကြောင်း ထိုသို့ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ပြည်နယ်များရှိ အစိုးရ၊ လွှတ်တော်၊ တပ်မတော် တို့မှ အုပ်စုတစု၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ အုပ်စုတစု၊ နိုင်ငံရေးပါတီက အုပ်စုတစု၊ ထိုအုပ်စု သုံးစုမှ တစုလျှင် သုံးဦးနှုန်းဖြင့် စုစုပေါင်း ၉ ဦး ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

NRPC ၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် အစိုးရဘက်မှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အဆင်သင့် ဖြစ်နေကြောင်း၊ အတည်ပြုပေးထားသော နေရာ ၃ နေရာရှိကြောင်း ထိုအထဲတွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော်တို့ဖြစ်ပြီး ထိုနေရာများအတွက် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းရန်အတွက် ပြည်နယ်အစိုးရများနှင့်လည်း တိုင်ပင်ပြီးပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် နိုင်ငံရေးပါတီ ၂၂ ပါတီဘက်မှလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ လည်းဖြစ်သည့် ဦးသုဝေက ပြောသည်။

ဦးသုဝေက “ကျနော်တို့ပါတီတွေက တပါတီတယောက် ရွေးလိုက်ရင် လွယ်လွယ်လေးပဲ။ အဲဒါလည်း ပြင်ဆင်ပြီးသားပဲ။ ကျနော်တို့က အခုဖွဲ့မယ့် ကော်မတီထဲမှာ နာမည်ပေးလိုက်ရုံပဲ။ ဆိုတော့ ဘာမှအခက်အခဲ မရှိပါဘူး။ အဆင်သင့်ဖြစ်ပြီးသားပဲ” ဟု သတင်းထောက်များကို ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အတွက် နိုင်ငံရေးပါတီများဘက်မှ ကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် ယခုလ ၁၆ ရက်နေ့တွင် ပါတီ ၂၂ ပါတီလုံးကို စည်းအဝေး အခေါ်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁၇ ရက်နေ့တွင် ပြုလုပ်မည့် အစိုးရ၊ အပစ်ရပ်အဖွဲ့များနှင့် UPDJC တို့ အစည်းအဝေးတွင် ပါတီများဘက်မှ ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို အတည်ပြု ပေးမည်ဖြစ်သည်ဟု ဆိုသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် ကဏ္ဍ ၅ ခုရှိပြီး ထိုအထဲတွင် နိုင်ငံရေး ကဏ္ဍ၊ လုံခြုံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍနှင့် လူမှုရေး ကဏ္ဍတို့ ဖြစ်သော်လည်း ကဏ္ဍ ၄ ခုကိုသာ ဆွေးနွေးခွင့် ပြုထားပြီး လုံခြုံရေးကဏ္ဍကို ဆွေးနွေးခွင့် မပြုကြောင်း သိရသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်တွင် ဆွေးနွေးခွင့် ပြုထားသည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ သယံဇာတကဏ္ဍနှင့် လူမှုရေး ကဏ္ဍများ၏ တခုချင်းစီအောက်တွင် ခေါင်းစဉ် ၂ မျိုးစီရှိပြီး စုစုပေါင်း ခေါင်းစဉ် ၈ ခု ရှိမည် ဖြစ်သည်။

နိုင်ငံရေးကဏ္ဍ အောက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းရင်းသား လူမျိုးများ၏ ခံစားသင့် ခံစားထိုက်သည့် အခွင့်အရေးများ ပါဝင်ပြီး စီးပွားရေး ကဏ္ဍတွင် ဖက်ဒရယ်ဆိုင်ရာ ဘဏ္ဍာရေးနှင့် စီးပွားရေး မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်း သိရသည်။

လူမှုရေးကဏ္ဍတွင် ကိုးကွယ်ယုံကြည်မှုနှင့် ပြန်လည် ထူထောင်ရေး၊ ပြန်လည် နေရာချထားရေး ကိစ္စရပ်များ ပါဝင်ပြီး မြေယာနှင့် သဘာဝ သယံဇာတ ကဏ္ဍတွင် မြေယာမူဝါဒနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေသုံးစွဲခြင်းကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။

Loading