Eleven Media CEO ဒေါက်တာသန်းထွဋ်အောင်အား အာမခံပေး၊ မပေး ဆုံးဖြတ်မည့် ယနေ့ ရုံးချိန်တွင် အကျဉ်းထောင် ဆရာဝန်က လူနာများနေခြင်းကြောင့် လာရောက်နိုင်ခြင်း မရှိသည့်အတွက် ရုံးချိန်းအား ဒီဇင်ဘာ ၂၂ ရက်ကို ထပ်မံချိန်းထားကြောင်း သတင်းရရှိသည်။
ဒေါက်တာသန်းထွဋ်အောင် အနေဖြင့် နှလုံး၊ အရိုးတို့နှင့်ပတ်သက်သည့် ရောဂါဝေဒနာအချို့ ခံစားနေရသည့်အတွက် အမှုမှ အာမခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ရုံးချိန်းက ချော်လဲသဖြင့်ဟုဆိုကာ လူနာတင် ထမ်းစင်ဖြင့် ရုံးထုတ်ကို တက်ရောက်ခဲ့ရသည့် ဒေါက်တာသန်းထွဋ်အောင်မှာ ယနေ့ ရုံးချိန်းတွင် ဘီးတပ် ကုလားထိုင်ဖြင့် လာရောက်ခဲ့ရသည်ဟု သိရသည်။
ရှေ့နေဦးကြီးမြင့်က “သူကဆေးရုံမှာ ကုထားတဲ့မှတ်တမ်းတွေလည်း အကုန်ရှိတယ်၊ လောလော ဆယ်လည်း ဒါကို တရားရုံးတရုံးက အာမခံပေးထားတယ်၊ တကယ်ဆေးကုထားရတယ်ပေါ့၊ နှလုံး နဲ့ပတ်သက်တဲ့ရောဂါအပြင် အရိုးနဲ့ပတ်သက်တဲ့ ရောဂါများလည်း ခံစားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ပါ အမေရိကန်ဒေါ်လာ ၁ သိန်းခန့်တန်ဖိုးရှိ နာရီကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် နိုဝင်ဘာ ၉ ရက်နေ့က တာမွေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်၍ အာမခံရရှိရေး ပထမအကြိမ်လျှောက်ထားမှုကို တာမွေတရားရုံးက နိုဝင်ဘာ ၃၀ ရက်နေ့ရုံးချိန်တွင် ပယ်ချခဲ့သည်။
လက်ရှိတွင် ကျန်းမာရေးအာမခံကို ဒေါက်တာသန်းထွဋ်အောင် အတွက် လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။