လွန်ခဲ့သော အင်္ဂါနေ့က ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ် စာနီတောင်ကျေးရွာတွင် အသက် ၆၁ နှစ်အရွယ် အမျိုးသားတဦးက ငါးနှစ်အရွယ် မိန်းခလေးငယ်တဦးကို အဓမ္မပြုကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သံတွဲရဲစခန်းမှ သိရသည်။
ထိုမိန်းခလေးငယ်သည် အင်္ဂါနေ့ညနေ ၆ နာရီခန့်တွင် အိမ်အပြင်သို့ ထွက်သွားပြီး ည ၈နာရီအထိပြန်မလာသဖြင့် မိဘများက လိုက်လံရှာဖွေကြရာ ကလေး၏ အလောင်းကို အိမ်နီးချင်း ဦးဟန်မောင်၏ အိမ်တွင် တွေ့ရှိခဲ့ကြောင်း တာဝန်ကျရဲ အရာရှိကပြောသည်။
လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေသော တရားခံကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့နံနက်တွင် သံတွဲ-တောင်ကုတ် အဝေးပြေးလမ်းမပေါ်တွင် စက်ဘီးစီးနှင့်အတူ ဖမ်းဆီးခဲ့သည်။
“သူက ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးရေး အရာရှိတွေဆီမှာ ဝန်ခံတယ်၊ သူ့ကို သံတွဲထောင်ကို ပို့လိုက်ပြီ” ရဲအရာရှိတဦးက ပြောသည်။
ရဲတပ်ဖွဲ့က ဦးဟန်မောင်ကို အဓမ္မပြုကျင်မှု၊ လူသတ်မှုတို့ဖြင့် ပြစ်မှုဆိုင်ရာ ရာဇဝတ် ပုဒ်မ ၃၇၆ နှင့် ၃၀၂ အရ စွဲဆိုထားသည်။
ထိုအမှုမှာ ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်းဖြစ်ပွားသည့် လူသိများသော ဒုတိယအမှုဖြစ်သည်။
လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာတွင် လူတဦးက ၇ နှစ်သမီးတဦးကို အဓမ္မပြုကျင့်ခဲ့သည်။ ထိုအမှုမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြီးပြတ်ခဲ့သည်။ တရားသူကြီးက တရားခံကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်း ကလေးသူငယ်များ အဓမ္မပြုကျင့်မှုခံရသည့် အရေအတွက်မှာ ယခင်နှစ်ကထက် သိသာစွာ များပြားလာ၍ လူမှုတက်ကြွလှုပ်ရှားသူများက စိုုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖာ်ပြောကြားခဲ့ကြသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က အစိုးရအနေဖြင့် ထိုသို့သောတရားခံများကို ပိုမိုပြင်းထန်စွာ အရေးယူရန်အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော်တွင် မေးသည်။
အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကာကွယ်ရန် ဥပဒေသစ်များ ရေးဆွဲနေကြောင်း တုန့်ပြန်ဖြေကြားသည်။
ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရသည့် အမှုများမှာ မြန်မာနိုင်ငံတွင် သိသိသာသာမြင့်မားနေကြောင်းလည်း ဒုဝန်ကြီးကပြောသည်။၂၀၁၆ ခုနှစ်တွင် စုစုပေါင်းဖြစ်ပွားခဲ့သည့် မုဒိမ်းမှုများအနက် ၆၁ ရာခိုင်နှုန်းမှာ ကလေးသူငယ်မုဒိန်းမှုများဖြစ်သည်။ ၂၀၁၅ ခုနှစ်ကမူ ၄၆ ရာခိုင်နှုန်းရှိသည်။
ယခုနှစ်ဆန်းမှစ၍ အာဏာပိုင်များသည် အဓမ္မကျူးလွန်စီရင်ခံရသူ ၂၀၆ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့သည်။ ယင်း ၂၀၆ မှုအနက် ၂၄ ဦးကိုထောင်ဒဏ် ၁၀ နှစ်မှ ၂၀ အထိချမှတ်သည်။ ၇၂ ဦးကို ထောင်ဒဏ် ၈ နှစ်မှ ၁၀ နှစ်အထိချသည်။ ၄၆ ဦးကို ထောင်ဒဏ် ၆ နှစ်မှ ၇ နှစ်အထိချကာ ၆၅ ဦးကိုထောင်ဒဏ် ၁နှစ်မှ ၅ နှစ်အထိချမှတ်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် တရားရုံးများမှ လက်ခံရရှိခဲ့သည့် အဓမ္မပြုကျင့်သည့် အမှုတွဲပေါင်း ၅၁၇ ရှိခဲ့ကြောင်း ဗိုလ်ချုပ်အောင်စိုးကပြောသည်။