ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးတို့၏ ကူညီပံ့ပိုးမှုဖြင့် လွှတ်တော် အဆောက်အဦ အတွင်း ၂၀၁၇ နှစ် ဆန်းပိုင်းတွင် စတင် ဖွင့်လှစ်မည့် တရုတ်ဘာသာ စကားသင်တန်းသို့ တက်ရောက်ရန် လွှတ်တော် ကိုယ်စားလှယ် ၁၀ဝ ခန့် စာရင်း ပေးထားကြောင်း သတင်းရရှိသည်။
“တရုတ်စာ တတ်ထားလို့ရှိရင် သူတို့ အထာလည်း ကိုယ်သိသလို ကိုယ်တို့အထာလည်း သူတို့ သိမယ်။ ၂ နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး အတွက်လည်း အဆင်ပြေ ချောမွေ့မယ်လို့ ခံယူထားတဲ့အတွက် အခုလို စီစဉ်ရခြင်း ဖြစ်ပါတယ်။ ၂ နိုင်ငံ ဆက်ဆံရေး ပိုပြီးတော့ အဆင်ပြေလာအောင်ပါ” ဟု ယင်းသင်တန်းကို စီစဉ်သူ မန္တလေး တိုင်းဒေသကြီး အမှတ် ၃ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်းက ဧရာဝတီသို့ ပြောသည်။
လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် ယင်းသင်တန်း ပြီးဆုံးပါက သင်တန်းဆင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည့်အပြင် သင်တန်း တက်ရောက်ခဲ့သူများကိုလည်း တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ်များ စီစဉ်ပေးမည်ဟု တရုတ်နိုင်ငံပြန် မြန်မာ ပညာတော်သင်များ အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာ ကျော်သန်းထွန်းက ပြောသည်။
“တရုတ်က အိမ်နီးချင်း နိုင်ငံကြီးဖြစ်တော့ သူတို့ဘာသာစကား တတ်ထားလည်း မမှားဘူး။ သင်တာက UFL (ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်) က ဆရာ၊ ဆရာမတွေ လာသင်မှာ။ တရုတ်စာ သင်နိုင်တဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီး ရှိပါတယ်။ လွှတ်တော်ထဲမှာ လာကူညီပေးမယ့် သဘောပါ” ဟု ဒေါက်တာ ကျော်သန်းထွန်းက ပြောသည်။
ယခု ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရပ်နားတော့မည်ဖြစ်ရာ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည့် လွှတ်တော်တွင် တရုတ်ဘာသာ စကားသင်တန်းကို ဖွင့်လှစ်နိုင်ရန် လွှတ်တော်က စီစဉ်နေခြင်း ဖြစ်သည်။
တရုတ် ဘာသာစကား သင်တန်း တက်ရောက်မည့် မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “ဒီအတိုင်း နေမယ့်အတူတူ လွှတ်တော်အထိ လာသင်မယ်ဆိုတော့ ဘာသာစကားတခု တတ်ထားလည်း မမှားဘူးဆိုပြီး စာရင်း ပေးထားတာ။ အဖော်ကောင်းတာလည်း ပါတယ်။ ဖြစ်နိုင်ရင်တော့ ဗမာတွေ သင်တာထက် တရုတ် Native Speaker တွေ လာသင်စေချင်တယ်။ ကျနော် တရုတ်စာလည်း နည်းနည်းပါးပါး သင်ခဲ့ဖူးလို့ပါ” ဟု ပြောသည်။
တရုတ်သံရုံးနှင့် မန္တလေးမြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးတို့၏ ပူးပေါင်းမှုဖြင့် လွှတ်တော်တွင် ဖွင့်လှစ်မည့် တရုတ် ဘာသာစကား သင်တန်း ရှိကြောင်း သိရသော်လည်း အသေးစိတ် မသိရှိသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ခွဲခြားနေ၍ မရသဖြင့် ၄င်းတို့၏ ဘာသာစကားကို နားလည် တတ်မြောက်ထားသင့်ကြောင့် ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်း ရေးမှူး ဒေါက်တာ လှမိုးက ပြောသည်။
“ဘာသာစကားကို စိတ်ဝင်စားသူတွေ အနေနဲ့ တက်သင့်ပါတယ်။ တရုတ်က ကုလသမဂ္ဂရဲ့ တရားဝင် သတ်မှတ်ပေးထားတဲ့ ဘာသာ စကားထဲမှာလည်း ပါတယ်။ သူတို့ရဲ့ စာပေ၊ ယဉ်ကျေးမှုတွေလည်း သိနိုင်တဲ့အတွက် တတ်သိ နားလည်ထားဖို့ ကောင်းတယ်” ဟု ၄င်းက ပြောသည်။