ရန်ကုန်တိုင်း ဒေသကြီး မြို့နယ် ၁၂ မြို့နယ်အတွင်းရှိ ကျူးကျော်နေထိုင်သူများကို ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ကျုးကျော်များဖြစ်ကြောင်း အသိအမှတ်ပြုသည့် စမတ်ကတ်များ စတင်ထုတ်ပေးနေကြောင်း သိရသည်။
ကျူးကျော်များကို ထုတ်ပေးသည့် စမတ်ကတ်များ၌ ဘားကုတ်များ၊ မိသားစုဝင်များ၏ လက်ဗွေရာများ၊ ဓာတ်ပုံများ ပါဝင်သည့်အပြင် လုံခြုံရေးအဆင့် အထူးမြှင့်တင်ထားသည်ကို တွေ့ရသည်။
ထိုသို့စမတ်ကတ်များ ထုတ်ပေးရာ၌ မြို့နယ် ၁၂ မြို့နယ်အတွင်းရှိ ကျူးကျော်များစာရင်းကို ရပ်ရွာအုပ်ချုပ်ရေးမှူးများက ကြိုတင်ကောက်ယူထားပြီး စာရင်းတွင်ပါရှိသည့် ကျူးကျော်များကို စလစ်ပြားများ ပေးထားကြောင်း၊ ထိုသို့စလစ်ပြား ရရှိထားသည့် ကျူးကျော်များကို သတ်မှတ်ထားသည့် ဖောင်ပုံစံတွင် ဖြည့်စွက်ခိုင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း ပြုလုပ်ပြီးနောက် ကျူးကျော်အိမ်ထောင်စုတစုလျှင် အသိအမှတ်ပြု စမတ်ကတ်တကတ် ထုတ်ပေးခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံတောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ရှင်းပြသည်။
“ကျူးစာရင်း ကောက်တာကို ပထမဆုံး တောင်ဒဂုံမှာ Pilot Project လုပ်တဲ့အခါ အောင်မြင်တယ်။ ဒါကြောင့် ထပ်မံပြီး ၁၂ မြို့နယ် စီမံချက်အနေနဲ့ လုပ်ဆောင်ရာမှာ ဒဂုံဆိပ်ကမ်းကို စတင်ဆောင်ရွက်တာ ဖြစ်တယ်” ဟု ဦးညီညီက ဆက်ပြောသည်။
အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျူးကျော်စာရင်း သွင်းယူခြင်း၊ စမတ်ကတ် ထုတ်ပေးခြင်းတို့ကို ဒီဇင်ဘာ ၁၂ ရက်က စတင်၍ ယုဇနဥယျာဉ်အိမ်ရာ အရောင်းပြခန်းနှင့် ပဏ္ဍိတာရာမ ကျောင်းတိုက်တို့တွင် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
စလစ်ပြား ရရှိထားသည့် ကျူးကျော်များအနေဖြင့် အမည်၊ မှတ်ပုံတင်နံပါတ်၊ မိသားစုဝင်ဦးရေ၊ အလုပ်အကိုင်၊ လက်ရှိနေရာတွင် နေထိုင်သည့်အချိန်ကာလ စသည့်အချက်အလက်များကို ဖြည့်စွက်ကြရကြောင်း စာရင်းသွင်းယူမှုကို လာရောက်ကူညီပေးနေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် World Vision အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်သီတာက ပြောသည်။
စာရင်းလာသွင်းသည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၉ ရပ်ကွက်နေ ဒေါ်လှသန်းနွယ်က “အနှစ်နှစ်အလလက ဒီလိုပဲရမယ်ဆိုပြီး ကောက်ခဲ့တယ်။ အဲဒီတုန်းက ရခဲ့သူတွေရခဲ့ပေမယ့် အန်တီတို့က တခါမှ မရခဲ့ဘူး။ မရှိလို့သာ သူများခြံမှာ နေကြရတာ။ ဒီလိုမျိုးနေတဲ့အခါ အိမ်ရှင်ကဖယ်ပါတော့ ဖယ်ရတယ်။ အန်တီဆို ၁ နှစ်မှာ အိမ်က ၃ ခါလောက် ပြောင်းရတယ်။ အဲလိုအမြဲတမ်း ရင်ဆိုင်နေရတဲ့ လူမျိုးတွေ အများကြီး ရှိတယ်” ဟု ပြောသည်။
စီမံချက်၌ ပါဝင်သည့် မြို့နယ် ၁၂ မြို့နယ်မှာ အရှေ့ပိုင်းခရိုင်တွင် ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာ၊ သာကေတ၊ အနောက်ပိုင်းခရိုင်တွင် မရမ်းကုန်း၊ အလုံ၊ တောင်ပိုင်းခရိုင်တွင် သန်လျင်၊ ကျောက်တန်း၊ ဒလ၊ မြောက်ပိုင်း ခရိုင်တွင် ရွှေပြည်သာ၊ လှိုင်သာယာတို့ ဖြစ်သည်။
ထိုသို့စာရင်းသွင်းမှု မစတင်မီ ပြီးခဲ့သည့် စက်တင်ဘာလက တောင်ဒဂုံမြို့နယ်တွင် ကနဦး စီမံချက် (Pilot Project) ပြုလုပ်ခဲ့ရာ၌ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်း (Error) ဖြစ်မှုများ၊ စီးပွားဖြစ် ကျူးပြဿနာများ တွေ့ကြုံခဲ့ရသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
“ ဒီလိုပြဿနာတွေ ဒဂုံဆိပ်ကမ်းမှာ အများကြီး ရှိတယ်။ မြေတွေက အစိုးရပိုင်တွေ ဖြစ်ရင်ဖြစ်မယ်။ အရင်ကတည်းက ပိုင်ရှင်ရှိတဲ့မြေတွေ ဖြစ်မယ်။ အဲဒီမှာ ငွေကြေးရှိတဲ့ ပုဂ္ဂိုလ်တွေကပါ ဝင်ရောက်ပြီး အိမ်တွေဆောက် မရှိတဲ့သူတွေကို ပြန်ပြီးရောင်းစားတာတွေ ရှိတယ်။ အဲဒီအခါမှာ ပြဿနာတွေ ပိုပြီးရှုပ်ထွေးလာတယ်။ ဒီလိုမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့က သေချာပြန်ပြီး စိစစ်မှာပါ ” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စမတ်ကတ်ထုတ်ပေး စာရင်းသွင်းမှု ဆောင်ရွက်နေသည့် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ဆာဗာ တိုက်ခိုက်ခံရမှုများကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ရှိနေကြောင်းနှင့် ရန်ကုန်တိုင်းအတွင်း ကျုးကျော်နေထိုင်သူ အရေအတွက် အလွန်များပြားနေပြီး နေစရာမရှိသည့် ကျူးကျော်များအား အိမ်မြေနေရာ ပြန်လည်ချထားရေး အစီအစဉ်ကို ရန်ကုန်တိုင်း အစိုးရအနေဖြင့် အချိန်တခုယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးညီညီက ပြောသည်။
တောင်ဒဂုံတွင် ပြုလုပ်ခဲ့သော Pilot Project အရ ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၅, ၅၉၁ စု၊ လူဦးရေ ၂၂,၀၀၀ ကျော် ရှိကြောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လက်ရှိကောက်ယူထားသည့် စာရင်းအရ အိမ်ထောင်စုပေါင်း ၁၅,၄၀၀ ကျော် ရှိသော်လည်း စာရင်းသွင်းပြီးချိန်၌ အတိုးအလျော့ ရှိနိုင်ကြောင်း ဦးညီညီက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၁၆၀,၀၀၀ ကျော်၊ အိမ်ခြေပေါင်း ၁၁၀,၀၀၀ ကျော်၊ လူဦးရေ ၄၀၀,၀၀၀ ကျော် ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။