မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်မကြီးကို ဗဟိုပြု၍ စတုန်းရန်းမိုင် ၃၅၀ ဝန်းကျင်ကို ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ (Mount Popa UNESCO Global Geopark) ဖြစ်ရေး အတွက် ယူနက်စကိုသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယူနက်စကို တင်နိုင်ရေးအတွက် ပုပ္ပားတောင် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီကို သစ်တောဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနများဖြင့် ၂၀၁၆ အောက်တိုဘာလ အတွင်း ဖွဲ့စည်းခဲ့သည်ဟု ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက ဧရာဝတီကို ပြောသည်။
ဦးသန်းထွန်းက “ပုပ္ပားတောင်ဒေသ ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာကြီး ယူနက်စကို ကိုတင်ပြီး အသိအမှတ် ပြုခိုင်းတော့မယ်။ မြန်မာပြည်မှာ အများကြီးရှိပေမယ့် ပုပ္ပားတောင်ဟာ အင်္ဂါရပ်နဲ့ အညီဆုံး၊ အချက်အလက်တွေ အကုန်လုံးရှိတဲ့ အတွက် ဒါကိုရွေးတာပါ။ ယူနက်စကိုရဲ့ လိုအပ်ချက်အင်္ဂါရပ်များနဲ့ ညီအောင် အခု ကွင်းဆင်းမှုတွေ လုပ်ပြီး အချက်အလက်တွေ စုဆောင်းနေတယ်” ဟု ဆိုသည်။
ပုပ္ပားတောင် ရေ၊ မြေ၊ သစ်တော၊ သဘာဝ သယံဇာတနှင့် သက်ရှိသတ္တဝါမျိုးကွဲ အမွေအနှစ်တို့ ဆက်စပ် ရှင်သန်နေမှုကို ပညာပေးရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို ရည်ရွယ်သည်ဟု ၎င်းက ပြောသည်။
Geopark ဆိုသည်မှာ ဘူမိဗေဒ အမွေအနှစ်များ (Geological heritage) ကို ကာကွယ်ခြင်း၊ အသုံးချခြင်း ဖြစ်ပြီး ယင်းသို့ အသုံးချရာတွင် ဒေသခံတို့၏ စီးပွားရေးအခြေအနေ (Economic well-being) မြင့်မားလာရုံသာမက သဘာဝ အမွေအနှစ်များ ရေရှည်တည်တံ့မှု (sustainable) ကို ဖြစ်စေရမည်ဟု သိရသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေသည့် အချိန်တွင် ပုပ္ပားတောင်မကြီးနှင့် အနီးဝန်းကျင်အား Geopark လုပ်မည့် အစီအစဉ်ကို ဒေသခံများက စိတ်ဝင်စားမှုရှိပြီး ကြိုဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝအလှတရားများ ပျက်စီးသွားမည်ကို စိုးရိမ်မှုများရှိသည်ဟု ပုပ္ပားတောင် ချစ်သူများအသင်း အတွင်းရေးမှူး ကိုမင်းဆန်းက ပြောသည်။
ကိုမင်းဆန်းက “ကိုယ့်ရဲ့အမွေအနှစ်တွေကို ပြခွင့်ရတဲ့အတွက် ဒေသခံတွေရော ကျနော်တို့ရော ဝမ်းသာအားရ ကြိုဆိုပါတယ်၊ စိတ်ဝင်တစားလည်း ရှိပါတယ်။ ဒါပေမယ့် ပုပ္ပားတောင်မကြီးရဲ့ ကြိုးဝိုင်းဧရိယာ အတောအတွင်းမှာတော့ ဟိုတယ်တွေ၊ ကေဘယ်တွေ အဆောက်မခံနိုင်ဘူး။ ကျနော်တို့ရဲ့ ကျေးငှက်သားရဲတွေ၊ ရှားပါးတိရစ္ဆာန်တွေ ပပျောက်သွားနိုင်တယ်၊ လူဝင်လူထွက် များမှုကြောင့် သဘာဝတရား ပပျောက်သွားမှာ၊ သစ်ပင်တွေ၊ တောတွေ ပြုန်းတီးသွားမှာ၊ ဒါတွေ ကျနော်တို့ ဘက်က စိုးရိမ်တာ” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက လက်ရှိအချိန်တွင် ၎င်းတို့အနေဖြင့် ဖြစ်မြောက်ရေး ကော်မတီနှင့် တကြိမ်သာ တွေ့ဆုံရသေးပြီး ၎င်းတို့၏ စိုးရိမ်မှုများကို ပြောပြထားကြောင်း၊ Geopark လုပ်မည့် လုပ်ထုံးလုပ်နည်း ပုံစံမူဝါဒများကို မသိရသေးသည့်အတွက် အသေးစိတ် ဆွေးနွေးရမည့် အပိုင်းများလည်း ရှိသေးကြောင်း ပြောသည်။
ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် ပထမဦးဆုံး ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိပြီး လိုအပ်သည့် အချက်အလက်များ၊ နေရာများကို မှတ်သားထားကြောင်း၊ ဘူမိဗေဒအရ အရေးကြီးသည့် ထူဆန်းသည့် ကျောက်များ၊ ချော်အမျိုးမျိုးတို့ သာမက သစ်တော၊ သားကောင်၊ ကျေးငှက်၊ သစ်ပင်၊ ဆေးဘက်ဝင် အပင်အမျိုးမျိုး၊ ဒေသခံတို့ ဓလေ့ရိုးရာ စသည်ဖြင့် မှတ်တမ်းတင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ယူနက်စကိုက သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့်အညီ ဖြစ်ရန် အချိန်ကာလ ကြာမြင့်ဦးမည်ဖြစ်ပြီး ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ၂၀၁၇ ဒီဇင်ဘာတွင် ယူနက်စကိုသို့ တင်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဦးသန်းထွန်းက ပြောသည်။
“အများကြီး လေ့လာမှုလုပ်ရဦးမှာ။ နောက်ထပ် ၆ လ တန်သည်၊ ၁ နှစ်တန်သည် အသေးစိတ် သုတေသနတွေ အများကြီး လုပ်ရဦးမယ်။ အခုလို စာရင်းကောက်ပြီး တင်ပြရုံနဲ့မရဘူးလေ။ ကြားထဲမှာ Tourism တွေ လုပ်ရဦးမယ်။ ဒီဒေသရဲ့ ထွက်ကုန်တွေ၊ ကျေးရွာတွေရဲ့လုပ်ငန်းတွေ၊ ယဉ်ကျေးမှု၊ လက်မှုပညာ၊ အနုပညာ၊ ကိုးကွယ်ယုံကြည်မှု၊ သီးနှံထွက်ကုန်၊ စီးပွားရေး အားလုံးနဲ့ ဆိုင်တယ်။ အခုက စတင်ပြီး ကွင်းဆင်းတဲ့အဆင့်ပဲ ရှိသေးတယ်” ဟု ၎င်းက ရှင်းပြသည်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာတွင် မြေအနက် ၁၀ ပေခန့်၌ တွေ့ရှိရသည့် လုံးပတ် ၅ ပေ၊ အရှည် ပေ ၅၀ ခန့် သစ်ပင်ကျောက်ဖြစ်ရုပ်ကြွင်း (အင်ကြင်းကျောက်) သည် Geopark ဧရိယာထဲတွင် ပါဝင်နေသည့် အတွက် ကမ္ဘာ့အမွေအနှစ်အဖြစ် ပြန်ခန်းနှင့် ပြသရန် ရည်ရွယ်ထားကြောင်း သိရသည်။