သတင်း

လူဦးရေ၏ ၁၀ရာခိုင်နှုန်းခန့်မှာ ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်နိုင်ဟုဆို

Want create site? Find Free WordPress Themes and plugins.

တရားဝင် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းကျော် ရှိနေချိန် နိုင်ငံတကာရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေမှာ တိုင်းပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်း အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနားသို့ တက်ရောက်လာသူ အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က “ရွှေ့ပြောင်းလုပ်သားက နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အဲဒီလောက်တော့ မှန်းထားတယ်။ အရင်တုန်းက တရားမဝင်တွေ သွားခဲ့ကြတာများတယ်။ အဝင်အထွက် လုပ်တာတွေကလည်း များတော့ အဲဒီစနစ်တခုကို စောင့်ကြည့်နိုင်ဖို့ အခု လုပ်နေတယ်”ဟု ဦးမျိုးအောင်က ဧရာဝတီသို့ ပြောသည်။

ဥပမာအားဖြင့် ထိုင်းနိုင်ငံတွင် အထောက်အထားမရှိသူများကို ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရာ တွင် လူပေါင်း ၁.၇ သန်းခန့် စာအုပ်များ ထုတ်ယူသွားကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံတွင် စစ်အစိုးရ တက်လာပြီး အထောက်အထား မရှိသူများကို စာရင်းသွင်းခိုင်းရာ လူ ၆ သိန်းခန့် မှတ်ပုံတင်ခဲ့ကြောင်း၊ တရားဝင် စေလွှတ်ထားသည့် အလုပ်သမား ၂ သိန်းကျော်လည်း ရှိနေရာ ထိုင်းနိုင်ငံတခုတည်းတွင် မြန်မာ အလုပ်သမားပေါင်း ၂.၅ သန်းခန့် ရှိနေသည်ဟု ဦးမျိုးအောင်က ပြောသည်။

ထို့ပြင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံထားရသည့် မြန်မာ အလုပ်သမား ၁၃၀၀ ကျော်ကို ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီး ၎င်းတို့အထဲမှ ၆၀၀ ကျော်ကို အလုပ်အကိုင်များ ရရှိရန်အတွက် UMFCCI နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိသည်ဟု အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

“ပြန်လာတဲ့သူတွေကို လေယာဉ်ပေါ်မှာကတည်းက ဖောင်တွေ ဖြည့်ခိုင်းလိုက်တယ်။ အဓိကက သူတို့ဟိုမှာ ဘာတွေ လုပ်ခဲ့လဲဆိုတာ မေးတယ်။ ပြီးရင် သူတို့အတွက် အလုပ်အကိုင် အမျိုးအစား တွေ ခွဲလိုက်တယ်။ အဲဒါကို စာရင်းလုပ်ပြီး ပုဂ္ဂလိက ကဏ္ဍအတွက် UMFCCI ကို ပို့ပေးလိုက်တယ်။ အခုထိတော့ အကြောင်းမပြန်သေးဘူး”ဟု အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

နိုင်ငံတကာရောက် မြန်မာအလုပ်သမားများ အဓိက ရင်ဆိုင်ရသည့် ပြဿနာမှာ အလုပ်သမား အခွင့်အရေးကို ပြည့်ပြည့်ဝဝ မရရှိခြင်း၊  လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ရဖန်ရံခါ တွေ့ရှိနေရကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် အခြေခံလစာ နည်းပါးခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် ၎င်းတို့ အိမ်ပြန်ဦးမည် မဟုတ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးထူးချစ်က ပြောသည်။

“ဗမာပြည်မှာက အခြေခံ လစာ နည်းနေတာရယ် အလုပ်အကိုင်ရှားပါးမှုတွေလည်း ရင်ဆိုင်နေရသေး တယ်။ အဲဒါကြောင့် ကိုယ့်ဆီကို ပြန်လာဖို့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်”ဟု ဦးထူးချစ်က ပြောသည်။

ယခု အစိုးရလက်ထက်တွင် ရွေ့ပြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်သူများနှင့် ပိုမို ပူးပေါင်း ဆောင်ရွက်မှုများ ရှိလာပြီး  ဥပဒေများ ပြင်ဆင်ခြင်းနှင့် မူဝါဒများ ချမှတ်ခြင်းတို့ ဆောင်ရွက်ရွာတွင် အလုပ်သမားများအတွက် ဦးတည်ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုသည်။

ပြည်ပနိုင်ငံများတွင် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများကို အထောက်အထား ရရှိနိုင်ရေးအတွက် သက် ဆိုင်ရာ ဌာနများ ဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့တို့  ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အခမ်းအနား၌ ပြောဆိုသည်။

တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် အထောက်အထားမဲ့ခြင်း၊ တရားမဝင် လူစုဆောင်းခံရခြင်း၊ ဝန်ဆောင်ခများ ပိုပေးရခြင်း၊ သတ်မှတ်လစာနှုန်းအတိုင်း မရခြင်း၊ အလုပ်ရှင်၏ ငြင်းပန်းနှိပ်စက်မှုခံရခြင်း၊ အား လပ်ရက် မရခြင်း၊ အလုပ်ချိန် သတ်မှတ်ထားမှု မရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ခေါင်းပုံဖြတ်ခံရခြင်း၊ အမျိုးသမီး အလုပ်သမားများ အကြမ်းဖက်ခံရခြင်းတို့ကို ဖြေရှင်းနိုင်ရန် အစိုးရက ဦးစားပေးဆောင်ရွက်နေကြောင်းလည်း ၎င်းကဆိုသည်။

ထို့ပြင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မိသားစု လွှဲပို့ငွေသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ကို တရားဝင်လမ်းကြောင်းမှ ရရှိခဲ့ပြီး မိမိတို့အစီအစဉ်ဖြင့်လည်း ငွေလွှဲပို့ကြသောကြောင့် မိသားစု၊ လှုမှု စီးပွား ဖွံ့ဖြိုးရေး၊ ဒေသဖွံဖြိုးရေးအပြင် နိုင်ငံတော်အတွက်ပါ အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု ဝန်ကြီး ဦးသိန်းဆွေ၏ ပြောဆိုချက်အရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading