ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မောင်တော ဒေသသို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ပါဝင်သည့် အဖွဲ့တဖွဲ့ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေးချယ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဝင်ရောက်ခွင့်ပြုလိုက်ပြီး အစိုးရက လုံခြုံရေး တာဝန်ယူပေးမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
“စုစုပေါင်း ၁၃ ဦး။ ဒီလူတွေကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူပြီးတော့ ရွေးလိုက်တာပဲ။ ပြည်တွင်း ပြည်ပမီဒီယာတွေ ပါဝင်အောင် ဒီတဖွဲ့ပြီးရင် နောက်တဖွဲ့ အနေနဲ့လည်း အလှည့်ကျ လွှတ်ပေးပါမှာ”ဟု ဦးမြင့်ကျော်က ပြောသည်။
အဆိုပါသတင်းအဖွဲ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ Central News Bureau၊ မဇ္ဈိမမီဒီယာဂရု၊ မြန်မာတိုင်းမ်၊ နိုင်ငံခြားသတင်း ထောက်အသင်း၊ ကျိုတိုသတင်းဌာန၊ European Perss Photo (EPA)၊ MITV၊ 7 day နှင့် မြန်မာ့သတင်းစဉ်တို့မှ စုစုပေါင်း သတင်းသမား ၁၃ ဦး ပါဝင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မောင်တောဒေသသည် စစ်ဆင်ရေးနယ်မြေဖြစ်သည့်အတွက် ယခုသွားရောက် မည့်သတင်းအဖွဲ့အား ရုပ်သံမီဒီယာ၊ ပုံနှိပ်မီဒီယာနှင့် သတင်းအေဂျင်စီများထဲမှ သင့်လျော်သည့် အရေအတွက်သတ်မှတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အများကြီး မခေါ်နိုင်ဘူးဆိုတာလည်း သွားရလာရမှာတွေ၊ စီစဉ်ရမှာတွေ ရှိတယ်။ လုံခြုံရေး အရရော တခြား စီစဉ်ရမှာတွေ ရှိတယ်ဗျာ။ လွယ်လွယ်ကူကူနဲ့ ရွေ့ပြောင်းနိုင်အောင်လို့ တခြားသော အထောက်အပံ့တွေလည်း အလွယ်တကူ လုပ်နိုင်အောင်လို့ တပိုင်တနိုင်ပဲ ခေါ်ရတာ”ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောသည်။
၎င်းက ဆက်၍ “အမှန်ကတော့ ခရီးစဉ်က ၂၀ ကနေ ၂၂ အထိပဲ။ ၁၉ ရက်နေ့မှာ မီဒီယာတွေက ကိုယ်အစီအစဉ်နဲ့ကိုယ် စစ်တွေကို ရောက်အောင် လာရမယ်။ စုစည်းပြီးတော့မှ တပ်တို့ ရဲတို့ လုံခြုံရေးတွေနဲ့ မောင်တောကို ခေါ်သွားမယ်။ သွားပြီးတော့မှ ၂၂ ရက်နေ့မှာ စစ်တွေကို ပြန်လာမယ်။ စစ်တွေကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်”ဟု ပြောသည်။
မီဒီယာသမားများ၏ လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အပြည့်အဝ ကူညီပေးနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ပြီး သတင်းရယူရာတွင် မီဒီယာ လွတ်လပ်ခွင့်အတိုင်း လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရှိကြောင်း၊ မည်သည့်ကန့်သတ်ချက်မှ မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ပြောသည်။
သို့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေးချယ်ခြင်း မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် မိမိ လွတ်လပ်စွာ သွားလာပြီး သတင်းရယူလိုသော သတင်းဌာနများအတွက် မောင်တောဒေသကို ဖွင့်ပေးခြင်း ရှိ မရှိ မရှင်းလင်းလှပေ။
ရခိုင်ပြည် မြောက်ပိုင်း မောင်တောဒေသတွင် အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် တပ်စခန်း ၃ ခုအား တိုက်ခိုက်ခံရအပြီး မြန်မာ့တပ်မတော်က စစ်ဆင်ရေးပြုလုပ်ရာတွင် နယ်မြေခံများကို တရားလက်လွတ် ပြုမူမှုများ ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုနေပြီး အာဆီယံအဖွဲ့အတွင်းတွင်လည်း သံတမန်ရေးဖိအားများ ရှိလာနေသည်။
ယခုကဲ့သို့ မီဒီယာများကို မောင်တောဒေသသို့ မီဒီယာများ ရွေးချယ်စေလွှတ်ခြင်းသည် နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများကို ရန်ကုန်သို့ ဖိတ်ကြားပြီး မောင်တောအရေး ရှင်းလင်းပြခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က မီဒီယာ နှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များကို ပဋိပက္ခဒေသတွင်းသို့ ဝင်ရောက်ခွင့် ကန့်သတ်ထားခြင်းကို ပယ်ဖျက် ပေးရန် တိုက်တွန်းထားသည်။ “ကန့်သတ်ချုပ်ခြယ်မှုများကို ဖယ်ရှားပေးခြင်းက လူမှုအသိုင်းအဝိုင်းများ၏ အခြေအနေနှင့် လက်တွေ့ ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ပိုမိုနားလည်စေလိမ့်မည်”ဟု မကြာသေးမီ မြန်မာပြည်သို့ လာစဉ် သူက ရှင်းပြခဲ့သည်။