သတင်း

အာဆီယံ လူကုန်ကူးမှုတားဆီးရေး စာချုပ်တွင် မြန်မာလက်မှတ်ထိုးမည်

Want create site? Find Free WordPress Themes and plugins.

လူကုန်ကူးမှု အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန် ဗင်းရှင်း (ACTIP) သို့ မြန်မာနိုင်ငံက အတည်ပြုဝင်ရောက်ရန် ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။ ထိုသို့ ဝင်ရောက်ခြင်းဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် ၆ နိုင်ငံက လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၃၀ ပြည့်ချိန်တွင် အဆိုပါ ကွန်ဗင်းရှင်းစတင် အသက်ဝင်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံက ACTIP သို့ စတုတ္ထမြောက် ဝင်ရောက်မည့် နိုင်ငံ ဖြစ်ပြီးစင်ကာပူ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့က ၂၀၁၆ ခုနှစ် အစောပိုင်းကထဲက ဝင်ရောက်ခဲ့ကြပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှုများ စတင်ရာ၊ ဖြတ်သန်းရာ၊ ဦးတည်ရာနေရာတခု ဖြစ်နေသည့် အတွက် ACTIP သို့ အတည်ပြုဝင်ရောက်ရန် သမ္မတက အဆိုပြုလာခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၈ဦး က ထောက်ခံဆွေးနွေးခဲ့ကြသည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာ (TIP) တွင် မြန်မာနိုင်ငံက ကာကွယ်တိုက်ဖျက်မှု အဆိုးဆုံးနိုင်ငံများကို သတ်မှတ်သောအဆင့် (၃) အဆင့်တွင် ပါဝင်သတ်မှတ်ခြင်း ခံခဲ့ရသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်တွင်းတွင်မူ မြန်မာနိုင်ငံကအဆင့် (၂) အဖြစ် စောင့်ကြည့်စာရင်းထဲတွင် ပါဝင်ခဲ့သည်။

ဒေသဆိုင်ရာကွန်ဗင်းရှင်းတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် ချမှတ်ပြီးသားဖြစ်သည်။ TIP အစီရင်ခံစာတွင် အမေရိကန် အစိုးရက မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်မှုမရှိဟ ုဝေဖန်ထားသည့်အပေါ် တနည်းတဖုံ သက်ရောက်မှု ရှိလာမည်ဟု လူ့အခွင့်အရေး ပညာပေးဆောင်ရွက်နေသည့်Equality Myanmar ၏ ဒါရိုက်တာဦးအောင်မျိုးမင်းက ပြောသည်။

“ဒီအစီအစဉ်တွေထဲမှာ နယ်စပ်ဒေသတွေမှာ ပိုမိုထန်းချုပ်ပြီး လုံခြုံရေးလုပ်ဆောင်ရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ခြင်း၊ လုပ်ငန်းတွေမှာ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ အဓိကအချက်တွေ ပါတယ်။ ဒီ ၃ ခုစလုံး ကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ်ဆိုရင် ကလေးနဲ့ အမျိုးသမီးတွေကို ကုုန်ကူးမှု အများကြီးလျော့ချနိုင်မှာ သေချာပါတယ်” ဟုသူက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်ကို ကြိုဆိုကြောင်း ၎င်းက ဆိုပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည့်အတိုင်း ဆင်းရဲနွမ်းပါးမှုနှင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်၍ အလုပ်အကိုင် ရှာဖွေရခြင်းများ ကြောင့် ဖြစ်ပွားရသည့် နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများသည် ကွန်ဗင်းရှင်း စတင် အသက်ဝင်လာသည်နှင့် အလျှင်အမြန် အရေးယူ တိုက်ဖျက်နိုင်လိမ့်မည်ဆိုသည့် အမြင်နှင့် ထပ်တူရှိနေသည်။

ယခုအချိန်အထိ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးသည်။ သို့သော်လည်း ACTIP ကွန်ဗင်းရှင်းကြောင့် တရားဝင ်ပူးပေါင်းဆောင်ရွက်မှုများ ပိုရှိလာလိမ့်မည်ဟုလည်း သူက ခန့်မှန်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များကရော တက်ကြွလှုပ်ရှားသူများကပါ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး လိုက်နာမှု အားမကောင်းသည့် အတွက် ဥပဒေပိုင်းအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ပဲခူးတိုင်းမဲဆန္ဒနယ် အမှတ် (၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က လူကုန်ကူးမှုတိုက်ဖျက်ရေး ဒေသတွင်းအဆင့် အထိ ပူးပေါင်းဆောင်ရွက်ရန် အစိုးရ၏ နိုင်ငံရေးစိတ်ဆန္ဒရှိမှုအပြင် မြန်မာနိုင်ငံရှိ တရားဥပဒေစိုးမိုးရေး ကို မြှင့်တင်ရန် ဥပေဒစိုးမိုးရေး ဆောင်ရွက်နေသည့်အဖွဲ့များ၏ လိုက်ပါဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သက်ဆိုင်ရာလူပုဂ္ဂိုလ် အဖွဲ့အစည်းများ အားလုံးကြားတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် ၎င်းက အဓိကထားပြောဆိုခဲ့သည်။ ဒေါ်ရွှေရွှေစိန်လတ်က မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် ခွဲခြားနှိမ့်ချမှု ပပျောက်ရေး သဘောတူညီချက် (CEDAW) ကဲ့သို့ လက်မှတ်ရေးထိုးထားပြီး လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည့်အချက်ကို ထောက်ပြပြီး ထိုကဲ့သို့ မဖြစ်စေရန် သတိပြုရမှာ ဖြစ်ကြောင်း ဥပမာပြု ပြောဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို စစ်အစိုးရက ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော်လည်း ထိုအချိန်မှစ၍ သဘောတူညီချက်၏ လမ်းညွှန်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်နိုင်မှု အနည်းငယ်သာ ရှိခဲ့သည်။

“ကျမတို့ အနေနဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးတဲ့အခါမှာ အဲဒါတွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ အကောင်အထည် ဖော်နိုင်ရပါမယ်” ဟုဒေါ်ရွှေရွှေစိန်လတ်က လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အရေးပါ သော အဆိုပါ သဘောတူညီချက်များကို ပြည်သူအများ လေ့လာသိရှိထားရန် လိုုကြောင်း လွှတ်တော် ကိုယ်စားလှယ်က အကြံပြုသည်။

“လူကုန်ကူးမှု တိုက်ဖျက်ရေး အစီအစဉ်တွေနဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ အဓိက လုပ်နေကြတဲ့ ရဲတပ်ဖွဲ့နဲ့ တရားရေးအရာရှိတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ စီးပွားရေးသမားတွေကို ဒီယန္တယားတွေ၊ ဆက်စပ်နေတဲ့ အသိပညာတွေနဲ့ စွမ်းဆောင်ရည်မြှင့်ပေးရပါမယ်။ ဒါမှလည်း အကောင်အထည်ဖော်တဲ့ အခါမှာ အထောက်အကူ ဖြစ်လာမယ်”ဟု သူက ရှင်းပြသည်။

ACTIP ကွန်ဗင်းရှင်းတွင် အတည်ပြု လက်မှတ်ရေးထိုးပါက လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အစိုးရက နိုင်ငံရေး ကတိကဝတ်ပြုခြင်း ဖြစ်သည်ဟု ကျားမတန်းတူရေးကွန်ယက်(Gender Equality Network) ၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။ “ဒါပေမယ့် လက်တွေ့မှာ ထင်သလောက် မရှိဘူးလို့ ပြောလို့ရတယ်။ မရှိတာထက် စာရင်တော့ ဒါက ကောင်းတာတခုပေါ့။ ကျမတို့ အနေနဲ့ (ကွန်ဗင်းရှင်း အသက်ဝင်လာတဲ့ အချိန်မှာ) လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဆောင်ရွက်တဲ့ နေရာမှာ ဘယ်လိုအထောက်အကူ ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်။”

ဥပဒေတခုတည်းက လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လုံလောက်မှုရှိမည် မဟုတ်ကြောင်းနှင့် တည်ဆဲ ဥပဒေများ အပေါ် သိရှိမှု နှင့် လူကုန်ကူးခံရသည့် သားကောင်များအတွက် ဝန်ဆောင်ပေးနေသည့် လုပ်ငန်းများရှိကြောင်း ပြည်သူလူထု ပိုမိုသိရှိအောင် ဆောင်ရွက်ခြင်းသည် ဥပဒေသစ် ရေးဆွဲခြင်းနှင့်အပြိုင် ဆောင်ရွက်ရမည် လုပ်ငန်းဖြစ်သည် ဟု ဒေါ်မေစပယ်ဖြူက ရှင်းပြသည်။

အမျိုးသမီးများ နှင့် မိန်းကလေးငယ်များသာမဟုတ်ဘဲ အမျိုးသားများလည်း လူကုန်ကူးခံနေရသည်ဟု သူက ထောက်ပြသည်။ ထိုင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများမှ ငါးဖမ်းလုပ်ငန်းများအတွက် မြန်မာအမျိုးသားများကိုလည်း လူကုန်ကူးမှု ရှိနေသည်ဟု သိရသည်။ အမျိုးသမီးများ လူကုန်ကူးခံရခြင်းတွင် အိမ်နီးချင်းနိုင်ငံများတွင် အိမ်အကူများ၊ လိင် အလုပ်သမားများအဖြစ် အဓမ္မ ခိုင်းစေခံရလေ့ရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံတွင် လက်ထပ်ရန်အတွက် သတို့သမီးအဖြစ် မြန်မာအမျိုးသမီးများကို လူကုန်ကူးခြင်းသို့မဟုတ် ရောင်းချခြင်းများလည်း ရှိသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ရဲတပ်ဖွဲ့က ဥပဒေကို ပြန်လည်သုံုးသပ် ပြင်ဆင်ရေးဆွဲနေပြီး နည်းဥပဒေများ ရေးဆွဲခြင်းတို့ကို ပြုလုပ်သွားရန်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ဒီဇင်ဘာလ ၁၅ရက်နေ့က ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ဥပဒေများရှိနေသော်လည်း လူကုန်ကူးမှုများ တိုင်ကြားရာတွင် အာဏာပိုင်များက နည်းဥပဒေမရှိသေးဟု ဆိုသည့်အတွက် ကြန့်ကြာနေမှုများရှိပြီး မဖြေရှင်းရသေးသည့် အမှု များစွာ ကျန်နေသေးကြောင်း ဒေါ်မေစပယ်ဖြူက ဆိုသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတော်အဆင့် အရေးယူဆောင်ရွက်မှုများ နှင့် လူကုန်ကူးခံရသည့် သားကောင်များကို ထောက်ပံ့ကူညီသည့် ဝန်ဆောင်မှုများအား ပိုမိုထိထိရောက်ရောက်မှု လုပ်ဆောင်သင့်သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၅ နှစ်အောက် အမျိုးသမီးများကို တဦးတည်း နယ်စပ်ဖြတ်ကျော် ခရီးသွားခြင်းမပြုရန် ဥပဒေအရတား မြစ်ထားသည့် အတွက် အမျိုးသမီးများက သူတို့နှင့်အတူ ခရီးသွားမည့်သူကို ရှာဖွေရခြင်းမှ လူကုန်ကူးမှုများ ဖြစ်လာရသည်။

“တကယ်လို့ အစိုးရက လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာလို့ရတဲ့ စနစ်တခုကို ဖန်တီးပေးနိုင်ရင် လူကုန်ကူးမှုတွေက ပျောက်သွားမှာ။ အဲဒါကြောင့် ရွှေ့ပြောင်းသွားလာခြင်းကို မတားပါနဲ့။ လုံခြုံတဲ့စိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုပဲ လိုတာပါ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading