ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည့် မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance – Burma) ကို တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်က ကမ်းလှမ်းထားကြောင်း သိရသည်။
အစိုးရအဖွဲ့က ထိုသို့ဆွေးနွေးရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) လက်အောက်ရှိ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) က တဆင့် ဆက်သွယ်အကြောင်းကြားထားခြင်း ဖြစ်ကြောင်းနှင့် အလွတ်သဘော နှစ်ဘက်တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံတွင် ပြုလုပ်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း Peace Commission အဖွဲ့ဝင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။
“အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ပေါ့။ ဆက်လုပ်မယ်ဆိုတော့ ပါဝင်နိုင်ဖို့ပေါ့။ NCA ထိုးမယ်။ ပြီးရင် ၂၁ ရာစုပင်လုံ တက်မယ်။ ပြီးရင် နိုင်ငံရေး ဆွေးနွေးမယ်။ ဖက်ဒရယ်ကို ဘယ်လိုတပြိုင်တည်း သွားမလဲ ဒီလိုမျိုးပေါ့။ အဲဒီလို ဖြစ်ဖို့ဆိုရင် ဆွေးနွေးပွဲတွေကနေတဆင့် သွားဖို့လိုတယ်။ ဒါကြောင့် အလွတ်သဘော ဆွေးနွေးပွဲတွေက စသင့်တယ်ဆိုတဲ့ ချည်းကပ်မှုမျိုးပါ ဟု ဦးလှမောင်ရွှေက ဆိုသည်။
Peace Commission က အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာမှုအပေါ် ဆွေးနွေးပွဲဖြစ်မြောက်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က အပြန်အလှန် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ကိုယ်စားလှယ်နှင့် ရက္ခိုင့်တပ်မတော် (AA) ၏ အရှေ့ဘက်စစ်ဒေသတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးကျော်ဟန်က ဧရာဝတီကို ပြောသည်။
ဒုတိယ ဗိုလ်မှူးကြီးကျော်ဟန်က “တွေ့မယ့်ရက်က အတိအကျ မရှိသေးဘူး။ သူတို့ဆက်သွယ်လာတဲ့အပေါ် ကျနော်တို့ညှိနှိုင်းနေဆဲပဲ ရှိသေးတယ်။ ကျနော်တို့ဘက်က အဆိုပြုထားတာက ဒီလ ၁၈-၁၉ မှာ တွေ့ဖို့ပါ။ သူတို့ဘက်က အဲဒီရက် မအားဘူးဆိုတော့ ၂၀ ရက် နောက်ပိုင်းလောက်မှ တွေ့ဖြစ်ဖို့များတယ်” ဟု ဆိုသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရအကြား တွေ့ဆုံမည့် ဆွေးနွေးပွဲအတွက် အသိသက်သေအဖြစ် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကို ပါဝင်ခွင့်ပြုရန် အဆိုပြုထားသော်လည်း အစိုးရဘက်က မည်သို့ တုန့်ပြန်လာမည်ကို မသိရှိရသေးကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးတာဘုန်းကျော်က ပြောသည်။
ဗိုလ်မှူးကြီး တာဘုန်းကျော်က “ကျနော်တို့ဘက်က တင်ပြထားတာကတော့ ၄ + ၁ ပေါ့။ ကျနော်တို့ မဟာမိတ် ၄ ဖွဲ့က တွေ့ချင်တယ်။ တွေ့တဲ့အထဲမှာ အသိသက်သေပုံစံနဲ့ဖြစ်ဖြစ် UWSP ပါဖို့ လိုတယ်။ ကျနော်တို့ ဆွေးနွေးတာတွေကို သိစေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု အဖွဲ့တွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက် မနက်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်များတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ပြီးနောက် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း တလျှောက်တွင် မဟာမိတ်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် Peace Commission ကို တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့သော်လည်း ဆွေးနွေးပွဲ ပျက်သွားပြီး မတွေ့ဆုံဖြစ်ခဲ့ပေ။