ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာ အစိုးရ၏ ဆောင်ရွက်မှုအပေါ် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ က ကူညီသွားရန် အဆင်သင့် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို တွေ့ဆုံ ရှင်းလင်းပွဲအပြီးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Mrs Retno Marsudi (မစ္စ ရက်နို မာဇုဒီ) က သတင်း မီဒီယာများကို ပြောကြားခြင်း ဖြစ်သည်။
“လာရောက်တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဒီနေ့ အစည်းအဝေးမှာ မိသားစုလို ထိုင်ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ် ရေး၊ ငြိမ်းချမ်းရေးတွေ ပြန်ရဖို့အတွက် ကူညီသွားဖို့ အဆင်သင့် ရှိနေတယ်လို့ ပြောကြတယ်”ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စ ရက်နို မာဇုဒီ က ပြောသည်။
မြန်မာနိုင်ငံ အနေနှင့် လူသားချင်း စာနာမှု ထောက်ပံ့ပေးမှုများ အပေါ် လိုလားမှု ရှိကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသည်။
“အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့အပေါ် မြန်မာနိုင်ငံဘက်ကလဲ လိုလိုလားလား ရှိပါတယ်။ နောက်ပြီး ရခိုင်မှာ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့တွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံ ဘက်က ပြန်ဖွင့်ပေးတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ ငြိမ်းချမ်းရေးတွေ တည်ငြိမ်မှုတွေ ပြန်ရဖို့အတွက် မြန်မာ နိုင်ငံရဲ့ လုပ်ဆောင်မှုတွေ အပေါ် အာဆီယံ နိုင်ငံတွေ အားလုံးက ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြတဲ့ အတွက်လို့ ကျမ ထင်တယ်”ဟု မစ္စ ရက်နို မာဇုဒီက ဆိုသည်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံများကို ရခိုင်ပြည်နယ် အဖြစ်အပျက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရဘက်က အခြေအနေ မှန်ကို အချိန်နှင့် တပြေးညီ အသိပေး ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများကို ဖိတ်ကြားပြီး ရှင်းလင်းပြောကြားသည့် အစည်းအဝေးသည် ပထမဆုံး အကြိမ်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲကို မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၏ စီစဉ်မှု ဖြစ်ကြောင်း သတင်းများက ဖော်ပြကြသည်။
ယနေ့ ကျင်းပသည့် အစည်းအဝေးကို စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Don Pramudwinai အစ ရှိသည့် နိုင်ငံခြားရေး ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan က ရခိုင်ပြည်နယ် အခြေအနေသည် ရှုပ်ထွေးပြီး ကာလရှည်ကြာ ဖြစ်ပွားခဲ့သော ကိစ္စ ဖြစ်ကြောင်း၊ ယင်းကိစ္စ အတွက် အချိန်ယူရမည် ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု၊ စိတ်အား ထက်သန်မှု နှင့် ဖြေရှင်းရန် စိတ်ပိုင်းဖြတ်မှုတို့ လိုအပ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။