မြန်မာ့တပ်မတော်နှင့် တရားသောစစ် အောင်မြင်စေကြောင်း ထောက်ခံသည့် ချီတက် လမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပြီးနောက် ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်လျက် ရှိကြောင်း သိရသည်။
ချီတက် လမ်းလျှောက်ပွဲတွင်ပါဝင်သည့် တိုင်းရင်းသား ဝတ်စုံဝတ်ဆင်ထားသူများသည် တိုင်းရင်းသား အစစ်အမှန်မဟုတ် အတုအယောင်များသာဖြစ်သည်ဟူ၍လည်းကောင်း၊ ချီတက်လမ်းလျှောက်ပွဲတွင် ပါဝင်သူများကို အခကြေးငွေ ပေး၍ ခေါ်ယူထား သည်ဟူ၍လည်းကောင်း၊ တပ်မတော်ကိုသာ အဓိက ထောက်ခံ အားပေးခြင်းသည် ငြိမ်းချမ်းရေးကို ပိုမိုကြန့် ကြာစေသည်ဟူ၍လည်းကောင်း ဝေဖန်နေကြခြင်း ဖြစ်သည်။
“တိုင်းရင်းသားစစ်စစ် ဟုတ်ခြင်း မဟုတ်ခြင်းဆိုတာက ပွဲလုပ်ပေးတဲ့သူနဲ့ ပါဝင်တဲ့သူ ကာယကံရှင်က ပိုသိမှာပါ။ အမြင် အရတော့ တော်တော်လေး ရုပ်ပျက်စေပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဝတ်စုံတွေအပေါ်မှာ တန်ဖိုးထားမှု၊ ဝတ်စား ဆင်ယင်မှုပုံတွေ လွဲနေပါတယ်။ သိသာလွန်းတယ်။ ကျနော့်အနေနဲ့ ဒါတွေဟာ ဖန်တီးထားတဲ့ ပွဲတပွဲလို့မြင်တယ်”ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ် ကွန်ရက်မှ စိုင်းဆိုင်လင်းက ပြောသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက် မှ မရန်ဂျော်ဂွန်းကလည်း တိုင်းရင်းသား လက္ခဏာကို ပေါ်လွင်စေသည့် ယဉ်ကျေးမှု၊ ဝတ်စား ဆင်ယင်မှု များသည် မလိုလားအပ်ဘဲ အသုံးမပြုသင့်ကြောင်း၊ လက်ရှိစစ်ပွဲကို ဦးဆောင်နေသည့် အစိုးရ တပ်မတော် ထောက်ခံပွဲ တွင် တိုင်းရင်းသား ဝတ်စုံများ ဝတ်စားဆင်ယင်ခြင်းသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ယဉ်ကျေးမှုကို ခုတုံးလုပ်သည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။
သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏ တစုံတရာ ခွင့်ပြုချက်မရှိဘဲ တိုင်းရင်းသား ဝတ်စုံများဝတ်ဆင်ပြီး တိုင်းရင်းသား အမည်ခံကာ လာရောက် ဆန္ဒဖော်ထုတ်ခြင်းသည် တိုင်းရင်းသားလူမျိုးများ အပေါ် ထင်ယောင်ထင်မှား ဖြစ်စေသော လုပ် ရပ် ဖြစ်သည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု Kachin Youth Organization (Shan State)က ဆန္ဒ ဖော်ထုတ်သည့် နေ့တွင်ပင် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
မ.ဘ.သ သံဃာတော်များ၊ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသူများနှင့် ဝန်းရံသူ ပါဝင်သော ထောင်ချီသည့် လူများသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှ မြို့တော်ခန်းမရှေ့အထိ ချီတက် လမ်းလျှောက်မှုပြု လုပ်ခဲ့ခြင်းဖြစ်သည်။
“ရှမ်း၊ ကချင်၊ မွန်ဝတ်စုံတွေ ဝတ်လာတာက ဘာသဘောနဲ့ ဝတ်လာသလဲ၊ ဘယ်သူက ခိုင်းတာလဲ ကျနော်မသိဘူး။ တိုင်း ရင်းသား အစစ်လား ဘာလားလဲ မှတ်ပုံတင်တော့ စစ်မကြည့်မိဘူး။ သို့သော် သူတို့အားလုံးက မြန်မာတွေဖြစ်တယ်ဆိုတာ တော့ သေချာတယ်” ဟု ချီတက်ပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ပြော သည်။
ဆက်လက်၍ ဦးလှဆွေက “ဒီပွဲဟာစစ်ပွဲကို ထောက်ခံတာမဟုတ်ဘူး။ တပ်မတော်ကို ထောက်ခံတာ။ စစ်ပွဲတွေဖြစ်နေတာ တွေကို ရပ် တန့်အောင်တားဆီးနိုင်တဲ့တပ်မတော်ကို ထောက်ခံတာဖြစ်တယ်။ မတူဘူး။ တချို့က စစ်ဖြစ်ချင်တဲ့သူတွေ ဘာညာနဲ့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့က စစ်ဖြစ်ချင်တဲ့သူတွေမဟုတ်ဘူး။ စစ်အကြောင်းကို စစ်သားက အသိဆုံး ပဲ။ စစ်ဖြစ် မှာကို စစ်သားက အမုန်းဆုံးပဲ။ စစ်ဖြစ်လာရင်တော့ နောက်မဆုတ်ဘူး” ဟုလည်း ဝေဖန်သူများ အား တုံ့ပြန် ပြောဆိုသည်။
ဝေဖန်သူများကမူ ယခုကဲ့သို့လုပ်ရပ်သည် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဥပေက္ခာ ပြုရာရောက်ပြီး တိုင်းရင်းသားများ၏ ယုံကြည်မှုကို လျော့ပါးသွားစေနိုင်ကြောင်း၊ တပ်မတော်ကို မြှောက်ပင့်ရာ ရောက်ပြီး ပိုမိုပြင်းထန်သည့် တိုက်ပွဲများကို ဖြစ်စေနိုင်ကြောင်း ပြောဆိုကြသည်။
လက်ရှိစစ်ပွဲတွင် အဓိက ပါဝင်ဦးဆောင်နေသည့် တပ်မတော်၏လုပ်ရပ်ကို ထောက်ခံနေခြင်းသည် ငြိမ်းချမ်းရေးကို ဖြစ်စေ သည့် ကိစ္စမဟုတ်ဘဲ ပိုမိုကြန့်ကြာစေသည့်အတွက် တိုက်ပွဲများရပ်တန့်သွားရေး အတွက် သက်ဆိုင်ရာများအနေဖြင့် အမြန်ဆုံး တွေ့ ဆုံညှိနှိုင်း ဆောင်ရွက်ရေးကိုသာ တောင်းဆိုမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လှုပ်ရှား ဆောင်ရွက် နေသူများကလည်း ပြောသည်။
“ဟိုဘက်အတိုက်ခံကလည်း တရားတဲ့စစ်ပွဲ ဒီဘက်ကလည်း တရားတဲ့စစ်ပွဲ နှစ်ခုစလုံးကတော့ ပြောမှာပဲ။ လက်တွေ့မှာ တော့ ဒီလိုဆောင်ရွက်ခြင်းဟာ ကျနော်တို့ပြောနေတဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအတွက် ထိရောက်မှုမရှိဘူးလို့ မြင် တယ်။ ဒီစစ်ပွဲကို ထောက်ခံအားပေးတာထက် စစ်ပွဲမရှိဖို့ ထောက်ခံအားပေးတာ ပိုကောင်းမယ်လို့ ထင်တယ်”ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်က ရှမ်းပြည် နယ်လွှတ်တော်၌ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) တို့ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အတည်ပြုခဲ့စဉ်ကလည်း အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက် ရှုတ်ချခဲ့သည်။
“ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ နီးပါးရောက်တော့မယ်။ ဘာဖြစ်လို့ စစ်ရေးနည်းနဲ့ အခုအချိန်အထိ အပြုတ်တိုက်ဖြေရှင်း နေသလဲဆိုတာ တော်တော် နားလည်ရခက်တယ်။ မင်းသူပုန် ငါသူရဲကောင်းဆိုပြီးသွားနေသရွေ့ မြန်မာနိုင်ငံမှာ မျှော်လင့် နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာဟာ ဝေးကွာသွားမှာပါ”ဟု စိုင်းဆိုင်လင်းက ပြောသည်။
ပြီးခဲ့သည့် လပိုင်းကစပြီး ရှမ်းမြောက်ပိုင်းတွင် KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ ပါဝင်သည့် မြောက်ပိုင်း မဟာ မိတ်တပ်ဖွဲ့မှ မြန်မာ အစိုးရ စစ်တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သည့် အချိန်ကစပြီး စစ်ရေး တင်းမာလာချိန်မှာပဲ ကချင်ပြည်နယ် ဘက်က ကချင် လွတ်လပ်ရေး ဌာနချုပ် (KIO) ၏ လိုင်ဇာနှင့် အနီးတဝိုက် ကချင် တပ်စခန်းများကို ပစ်မှတ်ထားပြီး တပ်မတော်ဘက်က လေကြောင်းနှင့်ပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။