ဘဏ်လုပ်ငန်းရှင်များက ဘဏ်လုံခြုံရေးပိုင်း တာဝန်ယူသူများအား လက်နက်ကိုင်ဆောင်ခွင့်ပြုရန် တောင်းဆိုထားမှုကို အစိုးရနှင့် လွှတ်တော်ကသာ အဆင့်ဆင့် ဆုံးဖြတ်ခွင့်ပြုပေးရမည့် ကိစ္စရပ်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောသည်။
“မြန်မာစီးပွားရေးဘဏ်မှာ အရင်က လက်နက်ကိုင်တာမျိုး ရှိခဲ့တယ်။ ပုဂ္ဂလိကဘဏ်တွေမှာ လက်နက်ကိုင်တာမျိုး မရှိပါဘူး။ ဒါက အစိုးရနဲ့ လွှတ်တော်ကို တင်ပြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ရမယ့် ကိစ္စပါ” ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်က နေပြည်တော်၌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းရှင်များ ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခမ်းအနားတွင် တက်ရောက်လာကြသည့် ပြည်တွင်းဘဏ် ၂၉ ဘဏ်မှ ဘဏ်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် ဘဏ် ၁၂ ဘဏ်မှ တာဝန်ရှိများထဲမှ ဘဏ်လုပ်ငန်းရှင် တချို့က တောင်းဆိုခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
ဘဏ်လုပ်ငန်းရှင်တချို့က ဘဏ်လုပ်ငန်းခွင်အတွင်း ငွေသယ်ယူရာ၌ မိမိတို့ဘဏ် အစီအစဉ်ဖြင့်သာ ငွေသယ်ယူရသဖြင့် လုံခြုံရေး အားနည်းကြောင်း၊ ထိုကြောင့် ဘဏ်လုံခြုံရေးဝန်ထမ်းများကို လက်နက်ကိုင်ဆောင်ခွင့်ပြုရန် ဥပဒေများ ပြင်ဆင်ပေးရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တောင်းဆိုမှုနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ ဟိုးအရင်တုန်းက ဘဏ်ခွဲတွေမှာ လက်နက်ကိုင်တယောက် စောင့်ပေးတာ ရှိခဲ့ဖူးတယ်။ ဘဏ်လုံခြုံရေးကို ရဲကပေးနိုင်လည်းပေးပေါ့၊ ဥပဒေပိုင်းကလည်း ဖြေလျှော့ပေးရပါလိမ့်မယ်” ဟု ပြောသည်။
ဘဏ်လုံခြုံရေးအတွက် လက်နက်ကိုင်ဆောင်ခွင့် တောင်းဆိုမှုသည် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာနသို့ တောင်းဆိုရမည့်ကိစ္စ မဟုတ်ဘဲ ပြည်ထဲရေး ဝန်ကြီးဌာနကိုသာ တောင်းဆိုရမည့် ကိစ္စဖြစ်ကြောင်း၊ ဘဏ်များအနေဖြင့် လက်နက်ကိုင်ဆောင်ရန်လည်း လိုအပ်သည့်ကိစ္စရပ် မဟုတ်ကြောင်း NLD ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက သုံးသပ်ပြောဆိုသည်။