အစိုးရကို ငဲ့ညှာနေကြောင်း လွှတ်တော် ဝေဖန်ခံရ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို လက်ရှိ လွှတ်တော်က အကာ အကွယ်ပေးတာ၊ ညှာတာ ထောက်ထားတာတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရကြောင်း သိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို လွှတ်တော်က မလွန်ဆန်ချင်တာ၊ အစိုးရကို အကြပ်အတည်း ဖြစ်စေမယ့် အဆိုတွေ မေးခွန်းတွေကို လွှတ်တော်မှာ တင်ပြခွင့် မပြုတာ၊ အစိုးရက လွှတ်တော်မှာပေးခဲ့တဲ့ ကတိကဝတ်တွေကို ကတိအဖြစ် မမှတ်ယူဘဲ သိရှိလို၍ မေးမြန်းတဲ့ မေးခွန်းအဖြစ်သာ သတ်မှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာက သိသာစေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်း က ပြောဆိုကြပါတယ်။
NLD က ဦးဆောင်ကျင်းပတဲ့ လွှတ်တော် ပထမအကြိမ် ပြီးခါနီးမှာ လွှတ်တော် အမတ်တွေကိုခေါ်ပြီး အစိုးရ အကြပ် အတည်း ဖြစ်စေမယ့် မေးခွန်းတွေ၊ အဆိုတွေကို မေးမြန်းခြင်းမျိုးကို မပြုလုပ်ဖို့ ပြောဆိုတာ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းလွှတ်တော် ဥက္ကဋ္ဌ ကို ခေါ်ယူပြီး အဆို၊ မေးခွန်းတွေကိစ္စ ကြိုတင်ညှိနှိုင်းခဲ့ခြင်းတွေ အထက်က လာ တဲ့ ညွှန်ကြားချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
“အဲဒါက ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် အစိုးရကို ထိန်းကျောင်းရမယ်ဆိုတဲ့ တာဝန်နဲ့ ဝတ္တရားကို အားပျော့သွားစေတယ်။ အဲဒါက သူတို့ရဲ့ ကြီးမားတဲ့ အားနည်းချက်ပဲ။ တိုင်းပြည်ရဲ့ အခြေအနေအရ အပြောင်း အလဲတခုအတွက် ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ဆောင်ရွက်ရမှာဖြစ်ဖို့ ကိုယ်စားလှယ်တွေကို ဟန့်တား တာ ဖိအားပေးတာမျိုး မလုပ်သင့်ဘူး”လို့ ဦးရဲထွန်းက ဧရာဝတီကို ပြောပါတယ်။
အရင် ဦးရွှေမန်း ဦးဆောင်ခဲ့တဲ့ လွှတ်တော်တုန်းကဆိုရင် အစိုးရကို ဒီထက်ပိုပြီးတော့ Check and Blance (ထိန်းညှိခြင်း) လုပ်နိုင်ခဲ့ပြီး အစိုးရရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီးကို သတိပေးတဲ့အဆင့်အထိ ဆောင်ရွက်နိုင်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကိုလည်း စွဲချက် တင်နိုင်ခဲ့တယ်လို့ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ ကလည်း ပြောဆိုပါ တယ်။
“ကျနော်လည်း နည်းနည်း ညှာနေတယ်လို့ မြင်တယ်။ သူတို့လည်း အခုမှ ပထမအစဆိုတော့ နည်းနည်းညှာတယ်။ ထောက်ထားတယ်လို့ပဲ ယူဆတယ်။ ဒါက အားနည်းမှု ဖြစ်လာနိုင်တယ်။ ဒီလိုပဲ နားလည်ပေးမယ်။ သဘောထား ကြီးပေး တာဟာ ဒါက သဘောထားကြီးပေးရမယ့် နေရာမဟုတ်ဘူး။ Check and Balance က လုပ်ကို လုပ်ရမှာ”လို့လည်း ဦးဂျေယောဂူက ပြောပါတယ်။
ဦးဂျေယောဂူဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီက အနိုင်ရလာတဲ့ တဦးတည်းသော လွှတ်တော် ကိုယ်စား လှယ် ဖြစ်ပြီး အရင်လွှတ်တော် သက်တမ်းကတည်းက လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်လို့ လွှတ်တော်လုပ်ငန်း တွေမှာ အတွေ့အကြုံရှိသူတဦး ဖြစ်ပါတယ်။
ရခိုင်အမျိုးသား ပါတီ (ANP) က မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောကလည်း လွှတ်တော် ထဲက ခေါင်းဆောင်တွေ ကိုယ်တိုင် က အစိုးရကို အကြပ်အတည်း ဖြစ်စေမယ့် မေးခွန်းတွေ မမေးခိုင်းတာမျိုးက အစိုးရရဲ့ အားနည်းချက်တွေကို လွှတ်တော် ကနေ ဖော်ထုတ်မှာကို စိုးရိမ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အစိုးရက လုပ်နေပြီးသားဆိုတဲ့ အဖြေဟာ လွှတ်တော်က ပြောစရာ အကြောင်းမရှိဘူး။ လွှတ်တော် ဥက္ကဋ္ဌ တယောက် အနေနဲ့ အစိုးရက လုပ်နေပါတယ်ဆိုပြီး ပါးစပ်က ထွက်စရာကို အကြောင်းမရှိဘူး။ ဒါပေမယ့် သူ့ပါးစပ်က ထွက်နေတယ်။ အဲဒါကြောင့် အစိုးရ အကြပ်အတည်းဖြစ်မယ့် ကိစ္စမျိုးတွေဆိုရင် လွှတ်တော်ထဲမှာ တင်ခွင့် လုံးဝ မပေးဘူး”လို့ သူက ပြော ပါတယ်။
တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရမယ့် ကိစ္စမျိုးတွေကိုတော့ လွှတ်တော်မှာ ဆွေးနွေးခွင့်မပေးဘဲ ပဲခူးမြို့က ရေ ပေးဝေစနစ်အကြောင်း ကျဉ်းမြောင်းတဲ့ ဒေသဆိုင်ရာ ကိစ္စကျတော့ အဆိုအဖြစ် ခွင့်ပြုပေးနေတာမျိုး တွေ က မဖြစ်သင့်ဘူးလို့လည်း ဦးဦးလှစောက ဝေဖန်ပါတယ်။
အခု ရက်ပိုင်းအတွင်းမှာပဲ ပလောင်ဒေသက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ငြိမ်းချမ်းရေး ညီလာခံ၊ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရက ဦးဆောင်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ ဆွေးနွေးခွင့် မပေးခဲ့တာကိုလည်း ဦးဦးလှစောက ထောက်ပြပါတယ်။
“အစိုးရက လုပ်နေပါတယ်ဆိုပြီး သူတို့ ပယ်ချခဲ့တယ်။ အကုန်လုံးကို နွေးနွေးထွေးထွေး ဖိတ်ခေါ်ပါ။ လက်မှတ်ထိုးဖို့ လုပ်ပါ ဆိုတာက အစိုးရကို အကြပ်ကိုင်တာလည်း မဟုတ်ဘူး။ အဲဒါကို ပယ်ချတယ်”လို့ သူက ဆိုပါတယ်။
NLD ပါတီက မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကတော့ ဝေဖန်ချက် ဆို တာ ရပ်တည်ချက်နဲ့ ရှုထောင့်အမျိုးမျိုး အပေါ်မှာ မူတည်ပြီး ဝေဖန်ကြတာဖြစ်လို့ တချို့က လွှတ်တော်ကနေ အစိုးရကို ငဲ့ညှာနေတယ်လို့ မြင်သလို လွှတ်တော်ကနေ အစိုးရကို ဖိအားပေးနေတယ်ဆိုတဲ့ ဝေဖန်ချက်မျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
“အဲဒါကြောင့် ဘယ်ဝေဖန်ချက်က မှန်တယ်၊ ဘယ်ဝေဖန်ချက်က မှားတယ်လို့ ပြောဖို့ ခက်ခဲပါတယ်။ ဘယ်အစိုးရပဲ တက် တက် လွှတ်တော်ကတော့ ပြည်သူ့ဘက်က ရပ်တည်ပြီးတော့ ဆောင်ရွက်ပေးရမှာ”လို့ ဦးအောင်ကြည်ညွှန့်က ဆိုပါတယ်။
ဦးအောင်ကြည်ညွှန့်က လွှတ်တော်အနေနဲ့ အစိုးရကို Check and Balance လုပ်နိုင်ကြောင်း၊ အရေးကြီးတဲ့ အဆို၊ မေးခွန်း တွေကို အခုလို မေးမြန်းခွင့်ရနေတာကြောင့် မေးခွန်း မေးလိုက်ပြီဆိုတာနဲ့ လာဖြေမယ့် ဝန်ကြီးဌာနတွေက လေ့လာ မှု တွေ၊ သုံးသပ်မှုတွေ၊ စုံစမ်းမှုတွေ လုပ်ရတာပဲလို့လည်း ဆိုပါတယ်။
မနေ့ကကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာတော့ NLD အစိုးရသစ် လက်ထက် ဝန်ကြီးတွေက လွှတ်တော်ကို ပေးခဲ့တဲ့ ကတိတွေ တည်၊ မတည်ကို အစီရင်ခံစာတခု တင်ပြခဲ့ပြီးတဲ့နောက် အမျိုးသား လွှတ်တော် ရဲ့ အစိုးရ ရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက အစိုးရပေးခဲ့တဲ့ ကတိတချို့ကို ကတိအဖြစ်ကနေ ဖြေလျှော့ပေး ခဲ့ ပါတယ်။
အမျိုးသား လွှတ်တော်မှာ အစိုးရ ဝန်ကြီးဌာနတွေက ကြယ်ပွင့်ပြမေးခွန်းအဖြစ် လာရောက်ဖြေဆိုပေးခဲ့တဲ့ မေးခွန်း ၁၄၇ ခု အနက် လုပ်ပေးမယ်လို့ ကတိပြုပြီး ဆောင်ရွက် ပေးခဲ့တာကတော့ ၈၇ ခု၊ မဆောင်ရွက် ပေးနိုင်သေးတာကတော့ အခု ၆၀ အထိ ရှိပြီး သက်ဆိုင်ရာ ကိုယ်စားလှယ်ဆီကိုပဲ တိုက်ရိုက်ပြန်ဖြေကြားတဲ့ ကြယ်ပွင့်မပြ မေးခွန်း ၇၂ ခုအနက် ၃၄ ခု ဆောင်ရွက်ပေးခဲ့ပြီး ၃၈ ခုကတော့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးလို့ အထက်ပါ ကော်မတီက လွှတ်တော်ကို အစီရင် ခံခဲ့ပါတယ်။
အဲဒီလို ကတိပေးပြီး မဆောင်ရွက်ပေးနိုင်သေးတဲ့ ကိစ္စတွေဟာ ဝန်ကြီးဌာနတွေအနေနဲ့ မူဝါဒနဲ့အညီ ရေရှည်မဖြစ်မနေ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေရမယ့် လုပ်ငန်းတွေ ဖြစ်နေလို့ ဖြေကြားပေးခဲ့တဲ့ ပြည်ထောင်စု အဆင့် တာဝန်ရှိသူတွေနဲ့ မေးခွန်းမေးမြန်းခဲ့တဲ့ ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး ကတိကဝတ် စာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ ကော်မတီ အဖွဲ့ဝင် ဒေါ်ခင်ဆွေလွင်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း အစိုးရအပြောင်းအလဲ မဖြစ်ခင် အချိန် မမီတော့ဘူးဆိုပြီး ကတိကဝတ် အဖြစ်ကနေ ဖြေလျှော့ ပေးလိုက်တာမျိုး ရှိပေမယ့် အခုလို သိချင်ရုံပဲ မေးတဲ့အတွက်ကြောင့်ဆိုပြီး ဖြေလျှော့တာမျိုးတော့ မလုပ်ခဲ့ဘူးလို့ အရင် လွှတ်တော် သက်တမ်း ကတည်းက ကိုယ်စားလှယ် ဖြစ်ခဲ့သူ NLD ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က မီဒီယာတွေကို ပြောပါတယ်။
လွှတ်တော်ရဲ့ တိုက်တွန်းချက်တွေကို အစိုးရက လိုက်မလုပ်ဘူးဆိုရင် ပထမဆုံး တွေ့ဆုံဆွေးနွေးညှိနှိုင်းတာ အရင်လုပ် ပြီး မလိုက်နာဘူးဆိုရင်တော့ တရားဥပဒေကြောင်းအရ စွဲချက်တင်တာမျိုး လုပ်ရမှာ ဖြစ်ကြောင်း၊ နောက်ဆုံး လွှတ်တော် မှာ ကိုယ်စားလှယ်တွေက Signings Campaign (လက်မှတ်ထိုး လှုပ်ရှားမှု) တွေ လုပ်ပြီးရင် စွပ်စွဲပြစ်တင်နိုင်လို့ ကိုယ် စားလှယ်တွေ ညီညွှတ်ဖို့ လိုတယ်လို့ ကချင်ပြည်နယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူက ပြောဆို ပါတယ်။