ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၇ – ၁၈ ခုနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျတ်) လျာထားချက်အပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တချို့က ယမန်နေ့က ကျင်းပသည့် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ၁/၂၀၁၆ တွင် ဝေဖန်ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၇ – ၁၈ ဘတ်ဂျတ်တွင် ဧရာဝတီ တိုင်းအစိုးရ အနေဖြင့် နေပြည်တော်၌ အစိုးရဧည့်ရိပ်သာ ဆောက်လုပ်ခြင်း အတွက် ငွေကျပ် ၈၆၈ သန်း ထည့်သွင်းထားခြင်း၊ ဌာနဆိုင်ရာ တချို့အနေဖြင့် ပြည်သူလူထု အကျိုးရှိမည့် စီမံကိန်းများအစား ၎င်းတို့ရုံးသုံး ပရိဘောဂပစ္စည်းများ၊ မော်တော်ယာဉ်များ ဝယ်ယူရန် တင်ပြထားခြင်း၊ ဘတ်ဂျတ်အား သုံးသပ်စစ်ဆေးရန် အချိန်ကာလ နည်းပါးခြင်းတို့အပေါ် မြောင်းမြ၊ ကျောင်းကုန်း၊ ဝါးခယ်မနှင့် ကြံခင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
“ဧရာဝတီတိုင်း အစိုးရအနေနဲ့ နေပြည်တော်မှာ အစိုးရ ဧည့်ရိပ်သာ ဆောက်လုပ်ဖို့အတွက် ငွေကျပ် ၈၆၈ သန်း တင်ပြထားတဲ့အပေါ် ကန့်ကွက်ပါတယ်။ ဒါတွေသည် မရှိမဖြစ် လိုအပ်တာ မဟုတ်တဲ့အတွက် ကန့်ကွက်ခြင်း ဖြစ်ပါတယ်” ဟု ဝါးခယ်မမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောသည်။
၂၀၁၇ – ၁၈ ဘတ်ဂျတ် ငွေလုံးငွေရင်း အသုံးစရိတ်များထဲတွင် အစိုးရ ဌာနဆိုင်ရာများအတွက် ကား၊ ယာဉ်၊ ဆိုင်ကယ်၊ ကွန်ပျူတာ၊ ပရိုဂျက်တာစသည့် ရုံးသုံးပစ္စည်းများ ဝယ်ယူရန် တင်ပြခြင်း အများဆုံး တွေ့နေရပြီး ပြည်သူလူထုအတွက် ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုမှု အားနည်းနေသည်ကို တွေ့ရကြောင်း မြောင်းမြမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက လွှတ်တော်တွင် ဝေဖန်ပြောဆိုခဲ့သည်။
“ကျမတို့ ပြည်သူတွေဟာ နွေရာသီကာလမှာ သောက်သုံးရေ အင်မတန်ရှားပါးတဲ့ ဒေသမှာဆိုရင် ရေအရင်းအမြစ် ဌာနကပဲ ဖြစ်ဖြစ်၊ ကျေးလက်ဌာနကပဲ ဖြစ်ဖြစ် ချပေးတဲ့ ရေတွင်းတွေဟာ တရွာကို တတွင်းနှုန်းတောင် မလောက်ပါဘူး။ ဒီလို အခြေအနေမျိုးတွေမှာ ဌာနတွေက ရုံးပစ္စည်းတွေ တောင်းဆိုနေမယ်ဆိုရင် ပြည်သူတွေဘက်က ကိုယ်စားပြုပြီး ပြန်ကြည့်ဖို့ လိုပါတယ်လို့ အစိုးရကို တိုက်တွန်းလိုပါတယ်” ဟု သူက ပြောသည်။
ထို့အပြင် ဌာနဆိုင်ရာများ ဝယ်ယူမည့် ပစ္စည်းများ၏ ဈေးနှုန်းများတွင်လည်း လွဲမှားနေခြင်း၊ ဒေသတခုနှင့်တခု ဈေးနှုန်း ကွာဟနေခြင်းများ ရှိသည့်အတွက် ပစ္စည်းဈေးနှုန်းများ တပြေးညီ သတ်မှတ်သင့်ကြောင်း မြောင်းမြအမတ် ဒေါ်ခိုင်ဇင်ဦးက ထောက်ပြ ပြောဆိုခဲ့သည်။
“အိုးအိမ်ဌာနက တင်ပြလာတဲ့စာရင်းမှာ တိုင်းမင်းကြီး (အစိုးရအဖွဲ့ အတွင်းရေးမှူး ဒု ညွန်ချုပ် ဦးမောင်မောင်စန်း) နေအိမ် မျက်နှာကြက် မိုးဖို့ သိန်း ၃၃၀ တင်ထားတယ်။ ပြန်ညှိတော့မှ သိန်း ၂၅၀ နဲ့ သတ်မှတ်ပေးလိုက်ရတယ်။ အမှန်တကယ်ဆို မျက်နှာကြက် မိုးတာက အဲဒီလောက် နှုန်းထားနဲ့ဆိုရင် တထပ်အိမ်တလုံး ကောင်းကောင်း ဆောက်လို့ရမယ့် အနေအထား ရှိပါတယ်။ ဒါပေမယ့် အချိန်မရတဲ့အတွက် အသေးစိတ် ပြန်လည် မစိစစ်နိုင်ခဲ့ပါဘူး” ဟု သူက ပြောသည်။
ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ငွေစာရင်း ကော်မတီ အနေဖြင့် ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းကိုလည်း အချိန်မရသည့်အတွက် မစိစစ်ဘဲ ပေးအပ်ခဲ့ရကြောင်း၊ ၂၀၁၇ – ၁၈ ရသုံး မှန်းခြေ ငွေစာရင်းကိုလည်း စစ်ဆေးချိန် ၁ ပတ်ခန့်သာ ရသည့်အတွက် အခက်အခဲများစွာ ဖြစ်ခဲ့ရကြောင်း ငွေစာရင်း ကော်မတီတွင် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“တနှစ်လုံးသုံးမယ့် ဘဏ္ဍာငွေကို ၅ ရက်တည်းနဲ့ စိစစ်ရတဲ့အတွက် အခက်အခဲတွေ အများကြီးရှိပါတယ်။ အခုလို စိစစ်ချိန် တိုတောင်းတာဟာ အစိုးရနဲ့ ဌာနဆိုင်ရာတွေရဲ့ မူဝါဒနဲ့ တင်ပြလာမှု အားနည်းချက်လို့ မြင်ပါတယ်။ နောင်နှစ်တွေကျရင် အချိန်လုံလောက်စွာ ပေးဖို့ လွှတ်တော်ကို တင်သွင်းတဲ့ ကော်မတီအစီရင်ခံစာမှာ ထည့်သွင်း တင်ပြထားပါတယ်” ဟု လွှတ်တော်ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူထွေးက ပြောသည်။
ဝေဖန်မှုများရှိနေသည့် ဧရာဝတီ တိုင်းအစိုးရအဖွဲ့ ၂၀၁၇ – ၁၈ ဘတ်ဂျတ်နှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်ကို မေးမြန်းခဲ့သော်လည်း ဖြေကြားရန်ငြင်းဆိုခဲ့ပြီး လွှတ်တော် ငွေစာရင်း ကော်မတီကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။
၂၀၁၇ – ၁၈ ဘတ်ဂျတ် လျာထားချက်အား လွှတ်တော်တွင် သဘောထားရယူခဲ့ရာ ဝါးခယ်မ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း တဦးတည်းသာ ကန့်ကွက်ခဲ့ပြီး ကိုယ်စားလှယ် အများစုက သဘောတူသည့် အတွက် အဆိုပါ ဘတ်ဂျတ်အား ဧရာဝတီတိုင်းလွှတ်တော် အရေးပေါ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လမ်း၊ တံတား၊ အဆောက်အဦး၊ တာတမံ၊ ရေတံခါး၊ ရေနုတ်မြောင်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကမ်းထိန်းခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းများ အများဆုံး လုပ်ဆောင်ရန် ဦးစားပေး ဘတ်ဂျတ် ရေးဆွဲထားပြီး ဌာနများ အားလုံးအနက် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ လမ်းတံတား၊ ဆည်မြောင်း၊ စည်ပင်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှာ ဘတ်ဂျတ်အများဆုံး ရသည့် ဌာနများ ဖြစ်ကြောင်း ဧရာဝတီ တိုင်းလွှတ်တော် ငွေစာရင်းဌာန စာရင်းများအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း ကျပ်ငွေ ၂၂,၁၈၀ သန်း ရှာဖွေရန် လျာထားပြီး သုံးငွေအနေဖြင့် ကျပ်ငွေ ၁၃၉,၇၇၇ သန်း ရှိမည်ဟု ခန့်မှန်းထားသည့်အတွက် လိုငွေ ၁၁၇,၅၉၆ သန်း ရှိနေရာ အဆိုပါ လိုငွေကို ပြည်ထောင်စုအစိုးရမှ ဖြည့်စွက်ပေးရန် လျာထားကြောင်း သိရသည်။