ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် မန်ဟိုင်းဒေသသို့ စစ်ဘေးရှောင်ခိုလှုံနေကြသည့် မုံးကိုးဒေသခံများ မိမိတို့ နေရပ်သို့ ပြန်လာကြသော်လည်း စိုးရိမ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မုံးကိုးမြို့သည် မြန်မာ – တရုတ် နယ်စပ်မြို့တမြို့ဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်မှ စတင်၍ မြန်မာပြည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ( Northern Alliance Burma ) နှင့် အစိုးတပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် မုံးကိုးဒေသခံများ တရုတ်နယ်စပ် မန်ဟိုင်းဒေသသို့ ထွက်ပြေးတိမ်းရှောင်ကြခြင်း ဖြစ်သည်။
မုံးကိုးဒေသ ရပ်ကွက် (၅) တွင် နေထိုင်သည့် ဒေါ်ခွန်ရှောင်က “ အခုတော့ မုံးကိုးမှာ သေနတ်သံ မကြားရတော့ဘူး။ ဒါပေမယ့် တိုက်ပွဲပြန်ဖြစ်မှာကို ကျမတို့ စိုးရိမ်နေသေးတယ်။ မြန်မာအစိုးရက စစ်ဘေးရှောင်ကျမတို့ကို နေရပ်ပြန်လာဖို့ ပြောတယ်။ တိုက်ပွဲ ပြန်ဖြစ်မဖြစ်တော့ အာမခံမထားဘူး” ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲကြောင့် နေအိမ်အိုးအိမ်များစွာ ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး၊ လက်ရှိအချိန်၌ မုံးကိုးဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဒေသခံများအတွက် လုံခြုံမှုမရှိသည့်အပြင် အစိုးရတာဝန်ရှိသူများက မုံးကိုးဒေသခံများကို မိမိတို့နေရပ်သို့ ဒီဇင်ဘာ ၁၉ ရက် အပြီးပြန်သွားရန် ပြောဆိုထားသည်ဟု မုံးကိုးမြို့ခံများက ပြောသည်။
မုံးကိုးဒေသခံများကို နေရပ်သို့ပြန်ခိုင်းသော်လည်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ မန်ဟိုင်းဒေသ၌သာ နေထိုင်သေးကြောင်းနှင့် မုံးကိုးဒေသခံတချို့သည်လည်း မန်ဟိုင်းဒေသ၌ နေအိမ်ငှားရမ်း၍ နေထိုင်ကြသည်ဟု မုံးကိုးမြို့ဒေသခံ ဒေါ်နန်းအီက ပြောသည်။
ဒေါ်နန်းအီက “ ကျမတော့ မပြန်ရဲသေးဘူး။ တရုတ်ပြည်မှာပဲ နေအုံးမယ်။ အိမ်မှာလူမရှိရင် အိမ်ကို တခုခုလုပ်မှာ ကြောက်လို့ ကျမယောက်ကျားတော့ အိမ်ကိုပြန်သွားပြီ။ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်တယ်” ဟု ဆိုသည်။
အစိုးရက နေရပ်သို့ ပြန်ခိုင်းသော်လည်း မုံးကိုးဒေသ တိုက်ပွဲများအတွင်း နေအိမ်မီးရှို့ခံခဲ့ရသဖြင့် နေစရာနေအိမ် မရှိကြောင်း၊ အစိုးရက နေအိမ်များ ပြန်လည်ဆောက်ပေးရန် တောင်းဆိုလိုကြောင်း နေအိမ်မီးရှို့ခံရသည့် မုံးကိုးမြို့ခံ မဟောင်နော်က ဧရာဝတီကို ပြောသည်။
“ကျမတို့ကို မုံးကိုးပြန်ခိုင်းတယ်။ ကျမမှာ နေစရာအိမ် မရှိတော့ဘူး။ အိမ်မီးရှို့ခံရတယ်။ အခုနေဖို့အိမ် လိုက်ရှာနေတယ်။ ကျမမှာ ဘာမှ မရှိတော့ဘူး” ဟု မဟောင်နော် ဆိုသည်။
ထိုသို့ဒေသခံများ ပြောဆိုမှုနှင့် ပတ်သက်ပြီး မူဆယ်ခရိုင် စည်ပင်သာယာရေး အင်ဂျင်နီယာဌာနမှူးဦးရဲထွန်းက တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်တိုက်တာ အဆောက်အဦးများကို စစ်ဆေးပြီး အထက်သို့ တင်ပြသွားမည်ဟု ဧရာဝတီကို ပြောသည်။
မုံးကိုးဒေသတွင် ရပ်ကွက် (၇ ) ခုရှိပြီး လူဦးရေ ၈ ထောင်ကျော် နေထိုင်ကြောင်း၊ တိုက်ပွဲကြောင့် နေအိမ် ၄၀ ကျော် မီးရှို့ခံရပြီး၊ မုံးကိုအထက်တန်းကျောင် ၁ ကျောင်းနှင့် ကက်သလစ် ခရစ်ယာန်သာသနာပြုကျောင်း ၁ ကျောင်း လက်နက်ကြီးထိမှန်ခဲ့ပြီး တိုက်ပွဲကြောင့် အရပ်သား ၄၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။