ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများ၏ လက်သည်တရားခံများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြီးစီးလုနီးပါးရှိပြီဖြစ်ရာ မကြာခင် သတင်းထုတ်ပြန်ဖွယ်ရာရှိကြောင်း သိရသည်။
နိုဝင်ဘာ ၂၅ ရက်ညက အစိုးရရုံးဝင်းအတွင်းရှိ တိုင်းလဝကဦးစီးရုံးနှင့် ဦးစီး ၂ ရုံးတို့တွင် M 150 အချိုရည်ပုလင်း အသုံးပြု ကာ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ ယင်းညတွင်းချင်းပင် စုံစမ်းမှုများပြုလုပ်ကာ မသင်္ကာသူ အမျိုးသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးခဲ့သည်။ ထို့နောက် ကွင်းဆက်များအရ ထပ်မံ ဖမ်းဆီးကာ စစ်ဆေးနေသူ ၁ ဦးလည်းရှိကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
အမည်မဖော်လိုသူရဲအရာရှိတဦးက “စုံစမ်းစစ်ဆေးမှုတွေက ပြီးစီးလုနီးပါးရှိနေပါပြီ။ မကြာခင်မှာ သတင်းထုတ်ပြန်သွားဖို့ ရှိမယ်လို့ သိထားပါတယ်။ ဖမ်းဆီးထားပြီးသား ၃ ဦးအပြင် နောက်ထပ် ၁ ဦးလည်း ထပ်ပြီး စစ်ဆေးနေတယ်။ အားလုံးပေါင်း ၄ ဦးလို့တော့ အကြမ်းဖျင်း သိရတယ်။ အစိုးရုံး အတွင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စ တခုတည်းနဲ့ မဟုတ်ဘဲ အခြားဖြစ်စဉ်တွေနဲ့ ပတ်သက်နေတယ်လို့ ယူဆရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပေါက်ကွဲမှုများနှင့် ပတ်သက်သည်ဟု သံသယရှိနေသူကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ် နေသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက် မီဒီယာများထက်တွင် ပျံ့နှံံ့ခဲ့သော်လည်း တရားဝင် သတင်းထုတ်ပြန်ကြေညာ ခြင်းမရှိခဲ့ပေ။
ပေါက်ကွဲမှုဖြစ်စဉ်များမှာ ရန်ကင်း Ocean ဈေးဝယ်စင်တာတွင် ပေါက်ကွဲမှုတကြိမ်၊ နိုဝင်ဘာ ၂၀ ရက်က ဒေါပုံမြို့နယ်ရှိ Capital Hyper Market ရှိ နေရာ ၂ ခုတွင် ပေါက်ကွဲမှုများ၊ နိုဝင်ဘာ ၂၅ ရက်က တောင်ဒဂုံ လဝကရုံးတွင် ပေါက်ကွဲမှုများနှင့် အစိုးရရုံးဝင်းအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုများတွင် အဓိကအသုံးပြုသည့်အရာမှာ M 150 အချိုရည်ပုလင်းကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။
တိုင်းအစိုးရရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သံသယရှိသူကို ရဲတပ်ဖွဲ့က ညတွင်းချင်းဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံ ထားရသူများထဲကမှ တဦးသည် တာမွေမြို့နယ်တွင် နေထိုင်သူ ခင်မောင်ရွှေ (ခ) ရာကွတ်ဆိုသူဖြစ်ကြောင်း လူမှုကွန်ယက် စာမျက်နှာများနှင့် ပြည်တွင်းသတင်းမီဒီယာအချို့တွင် ဖော်ပြခဲ့သည်။