မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့လျက်ရှိသည့် ရန်ပုံငွေများကို စနစ်တကျ ခွဲဝေသုံးစွဲနိုင်ရေး အတွက် ဖွဲ့စည်းလိုက်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဖြစ်သည်။
JCB အဖွဲ့ကို အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ကိုယ်စားလှယ် ၈ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဘက်မှ ကိုယ်စားလှယ် ၈ ဦး တို့ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် က “နိုင်ငံတကာ အလှူရှင် များက ကူညီထောက်ပံ့လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ရန်ပုံငွေများနှင့် ပတ်သက်၍ ကန့်သတ်ထိန်းချုပ်ခြင်း မဟုတ်ကြောင်း၊ များပြားလှသော အဖွဲ့အစည်းများ အကြား ထောက်ပံ့ကူညီမှု ရရှိနိုင်သည့်အခြေအနေ ကွာခြားချက်ကြောင့် မညီမျှမှု များစွာ ရှိနေကြောင်း၊ JCB အနေဖြင့် စီမံကိန်းများကို မျှမျှတတနှင့် ထိထိရောက်ရောက် ဖြစ်စေရန် ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
JCB အဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် နေပြည်တော်တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ပြီး ထို အစည်းအဝေးကို အစိုးရ၊ အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အပစ် မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေများကို ကဏ္ဍကြီး ၄ ရပ်တွင် အဓိက ဦးစားပေး သုံးစွဲမည်ဖြစ်ပြီး ထိုကဏ္ဍများတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ (Ceasefire Sector)၊ စေ့စပ် ညှိနှိုင်း ဆွေးနွေးရေးကဏ္ဍ (Negotiation and Dialogue Sector)၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ (Peace Supporting Development Sector) နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကဏ္ဍ (NRPC Sector) များ ဖြစ်ကြောင်း သိရသည်။
ရန်ပုံငွေများသုံးစွဲရာတွင် လိုအပ်ချက်များအလိုက် ဦးစားပေး ကဏ္ဍများ သတ်မှတ်နိုင်ရေး၊ လိုအပ်သော ကူးညီ ထောက်ပံ့မှုများ ရရှိရန် ရှာဖွေရေး၊ ထိုသို့ ရှာဖွေရာတွင် နိုင်ငံတကာမှ အကူအညီ ထောက်ပံ့မှုများ သာမက ပြည်တွင်းမှ အလှူရှင်းများ ပါဝင်လာနိုင်ရေးကိုပါ ထည့်သွင်း စဉ်းစားရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် စီမံကိန်းများ ရေးဆွဲရာတွင် အလှူရှင်ဘက်က ထောက်ပံ့ ကူညီလိုသည့် စီမံကိန်းများ မဖြစ်စေဘဲ လက်တွေ့ အခြေအနေ ပကတိ လိုအပ်ချက်များကို အခြေခံ စဉ်းစားသုံးသပ်ပြီး အလှူရှင်များဘက်က လိုအပ်သည့် အလှူငွေများ ဖြည့်ဆည်း ထောက်ပံ့ ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူ ပြုသော စီမံကိန်းများကို အလေးထား ဆောင်ရွက်နိုင်ရေး JCB အဖွဲ့က တာဝန်ယူ ညှိနှိုင်းပေးကြရမည် ဖြစ်ကြောင်းသိရသည်။
“နိုင်ငံတကာ ထောက်ပံ့ ကူညီမှုများကို ပွင့်လင်းမြင်သာမှု ရှိရှိ၊ အလေအလွင့် အနည်းဆုံး ဖြစ်စေရေး၊ မလိုအပ်သော အပိုကုန်ကျမှု၊ အပိုသုံးစွဲမှုများ မရှိစေရေး တာဝန်ယူမှု အပြည့်အဝဖြင့် ဆောင်ရွက်ရန်” ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်းသိရသည်။
JCB တွင် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမကဘဲ NCA မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။