သတင်း

KIA ၏ လိုင်ဖောင် စခန်းအား တပ်မတော် ထိုးစစ်ဆင်

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ အမာခံစခန်း တခုဖြစ်သော ဂီဒွန် စခန်းကို သိမ်းပိုက်ပြီးနောက် အနီးရှိ လိုင်ဖောင် စခန်းကို တပ်မတော် စစ်ကြောင်းများက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဂီဒွန်စခန်းကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ လျော့ကျမသွားဘဲ ဂီဒွန် စခန်းအထက်တွင်ရှိသော လိုင်ဖောင် တောင်ကုန်းကို ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း အစိုးရနှင့် KIA တို့အကြား အပစ်ရပ်ရေး ကြားဝင် ဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ပြောသည်။

PCG အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလမိုင်ဂွမ်ဂျာ က “ဂီဒွန် အထက်မှာရှိတဲ့ လိုင်ဖောင်စခန်းမှာ ဂျက်လေယာဉ်တွေနဲ့ တိုက်၊ လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့မှ အဲဒီမှာ စစ်ဆင်ရေး တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတယ်ဗျ။ ဒီနေ့လည်းပဲ ၉ နာရီ ကျော်လောက်ကနေပြီး ဂျက်ဖိုက်တာနဲ့ သွားပစ်နေတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခု ထိုးစစ်ဆင်နေသည့် လိုင်ဖောင်စခန်းသည် KIA ဌာနချုပ်၏ ရှေ့တန်း စခန်းများဖြစ်ကြောင်း သိရပြီး အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ KIO ဗဟိုဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူများ၊ တပ်မတော်၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးများသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။

သို့သော်လည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ အောင်ဂျာ ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၀ ရက်နေ့က တပ်မတော် စစ်ကြောင်းများ အုပ်ချုပ်မှု လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နေစဉ် KIA တပ်ဖွဲ့ဝင်များက ဆွဲမိုင်း သုံးလုံးဖြင့် ဖောက်ခွဲခဲ့ပြီး RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းမှ အရာရှိတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းများ အနေဖြင့် ထိုဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“အခုလိုပဲ တောက်လျှောက် တိုက်ပွဲဖြစ်နေမယ် ဆိုရင်ကတော့ ငြိမ်းချမ်းရေးရှေ့ဆက်သွားမယ့် လမ်းက တော်တော်လေး အလှမ်းဝေးနေလိမ့်မယ်လို့ ကျနော်တို့ မြင်တယ်။ အခုလည်းပဲ နိုင်ငံတော်အစိုးရနဲ့ UNFC နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆက်သွယ် နေတယ်ဆိုတာတော့ ကြားသိရတယ်။ တကယ်လို့ အဲဒီမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားလို့ရှိရင်ကတော့ အားလုံး အဆင်ပြေမှာပါ။ အဲဒီမှာ အဆင်မပြေဘဲ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေမယ်ဆိုရင်ကတော့ ငြိမ်းချမ်းရေးအတွက်ကတော့ အလားအလာမကောင်းဘူး” ဟု ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

KIA ၏ မဟာမိတ် အဖွဲ့ဝင်ဖြစ်သော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကိုလည်း ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်ကျေးရွာနှင့် မန်စံကျေးရွာအနီး၌ တပ်မတော်က ဂျက် တိုက်လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၂ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

တပ်မတော်က ယခုလ ၁၆ ရက်နေ့တွင် KIA ၏ အမာခံ စခန်းတခုဖြစ်သော ဂီဒွန် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ရရှိမှုကြောင့် KIA ၏ အရေးပါသော အမာခံ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ပြီး ထိန်းချုပ်နိုင်ခဲ့ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။

KIA အနေဖြင့် မြောက်ပိုင်း မဟာမိတ်အသွင်ဖြင့် စုဖွဲ့၍ အစိုးရနှင့် တပ်မတော်အား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ် အတည်း ဖြစ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ရှိ တပ်မတော်စခန်းအား နိုဝင်ဘာလ ၂၀ ရက်နေ့က စပြီး ၁၇ ရက်တိုင် အစုအဖွဲ့ဖြင့် ချည်းကပ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် KIA က ၎င်းတို့၏ အမာခံ စခန်းအဖြစ် သတ်မှတ်ထားသော ဂီဒွန်ကို တိုက်ခိုက် သိမ်းယူရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ထုတ်ပြန်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading