ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က မကွေးတိုင်း ဂန့်ဂေါမြို့နယ် မှ အမျိုးသမီးတဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှု ပြုလုပ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့က Facebook တွင် ဂန့်ဂေါ ကျေးရွာများတွင် နေထိုင်သူများက စုန်းအတတ် တတ်မြောက်သူ များ ဖြစ်ကြောင်း နောက်ပြောင် ရေးသားခဲ့သည်ကို ဂန့်ဂေါမြို့နယ် မင်းရွာမှ မဇင်မာကြည်က တုံ့ပြန်ရေးသားရင်း လူမှု မီဒီယာပေါ်တွင် သူ့ကို ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုလုပ်ခဲ့သည်ဟု ဦးလှဆွေက ပြောသည်။
မဇင်မာကြည်က ဦးလှဆွေအား သေသေချာချာမသိသည့် အကြောင်းများကို သိသလိုပြောနေမည့် အစား ကျန်သည့် ဘဝ အချိန်များတွင် အကျိုးရှိမည့် အရာများကို လုပ်ရန် တုံ့ပြန်ရေးသားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီပို့စ်ကို ဖြုတ်ချပေးဖို့ ကျနော်က သတိပေးခဲ့ပေမယ့် သူမလုပ်ခဲ့ဘူး။ ဒါကြောင့် အမှုဖွင့်တာပါ”ဟု ဦးလှဆွေ က ပြော သည်။
ဦးလှဆွေက နေပြည်တော်ရှိ ထုံးဘို ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရဲစခန်းက မဇင်မာကြည်ကို အမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး အာမခံ ပေး ခဲ့ ကြောင်းလည်း သိရသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တွင် “ဆက်သွယ်ရေး ကွန်ရက်တခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” များကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ၃ နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟု ပြဌာန်းထားသည်။
NLD အစိုးရလက်ထက် ဧပြီလမှ နိုဝင်ဘာလအတွင်း အသရေဖျက်မှုဖြင့် တရားစွဲဆိုသည်အမှု အနည်းဆုံး ၃၃ မှု ရှိသည် ဟု အဆိုပါ ဥပဒေဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသော ကဗျာဆရာနှင့် တက်ကြွလှုပ်ရှားသူ တဦး ဖြစ်သော မောင်ဆောင်းခ ၏ အမှု အတွက် လိုက်ပါဆောင်ရွက် ပေးခဲ့သည့် ဥပဒေ အဖွဲ့တခု၏ အဆိုအရ သိရသည်။
ယခုအချိန်အထိ ဖမ်းဆီးခံရသည့် အမှု ၁၃ မှုရှိခဲ့ပြီး ၃ ဦးမှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး ဖြစ်သည်။
ယခင် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အသရေဖျက်မှုဖြင့် တရားစွဲသည့် အမှု ၇ မှုသာ ရှိခဲ့ပြီး ၎င်းတို့ထဲမှ ၅ ဦးသာ ထောင်ချခံခဲ့ရသည်ဟု မောင်ဆောင်းခ၏ ရှေ့နေအဖွဲ့က ပြောသည်။