သတင်း

ဟိန္ဒား သတ္တုတွင်း ပြဿနာ အယူခံဆိုင်ရာ အထူးရုံးတော်သို့ ရောက်ရှိ

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နယ်ခွဲ အတွင်းရှိ ဟိန္ဒား သတ္တုတူးဖော်ရေး လုပ်ငန်းကြောင့် ထိခိုက်နစ်နာမှုများ အတွက် ဒေသခံများ၏ တရားစွဲဆိုမှုသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အယူခံဆိုင်ရာ အထူးရုံးတော်သို့ ရောက်ရှိနေကြောင်း သိရသည်။

တရားလို မြောင်းပြိုကျေးရွာ ဒေသခံများနှင့် ထားဝယ် ပရိုဘိုနို ရှေ့နေများ ကွန်ရက် (DPLN) မှ တရားလွှတ်တော် ရှေ့နေများ က တရားစွဲဆိုထားမှု နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်သည်။

ဟိန္ဒားသတ္တုတွင်းသည် မြန်မာ ပွန်ပီပက် ကုမ္ပဏီ (MPC) နှင့် အမှတ်(၂) သတ္တုတွင်း ဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကြောင့် မြောင်းပြိုချောင်း တိမ်ကောသွားခြင်း၊ ဒေသခံများ၏ နေအိမ်၊ ဥယျာဉ် ခြံမြေနှင့် ရေတွင်းရေကန်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ၂၀၁၄ တွင် မြောင်ပြိုဒေသခံ ၉ ဦးက တရားလို ပြုလုပ်ပြီး ကုမ္ပဏီနှင့် အမှတ်(၂) သတ္တုတွင်း ဦးစီးဌာနတို့ကို တရားစွဲဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် DPLN မှ တရားလွှတ်တော်ရှေ့ ဒေါ်တင်တင်သက်က ခရိုင်တရားရုံး၊ တိုင်း ဒေသကြီး တရားလွှတ်တော်ရုံး အဆင့်ဆင့်တို့တွင် တရားပြိုင်များဘက်က ချေပမှုများကို အတည်ပြုပြီး အမှုကို ပလပ် ခဲ့သောကြောင့် နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ရောက်ရှိသွားရခြင်း ဖြစ်ကြောင်း ပြောပြသည်။

“ရွာသားတွေက ကာလ စည်းကမ်းကန့်သတ်ချက် ကျော်လွန်နေတယ်ဆိုပြီး ပလပ်လိုက်တဲ့အမှုကို မကျေနပ်တဲ့ အတွက် နေပြည်တော် တရားလွှတ်တော် ချုပ်ရုံးမှာ အထူးအယူခံ ပြန်တက်ရောက်နေတဲ့အဆင့် ဖြစ်ပါတယ်။ အမှတ် (၂) သတ္တု တွင်းကို အမှုမှာပြန်ပါဖို့က စာချွန်တက်ပါလို့ နေပြည်တော်က ညွှန်ကြားခဲ့တဲ့အတွက် စာချွန်တော် တက်ဖို့ ပြင်ဆင်နေပါ တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

မြန်မာ ပွန်ပီပက် ကုမ္ပဏီသည် ၂၀၀၀ ပြည့်နှစ်မှစတင်၍ သတ္တု တူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း၊ ယင်း လုပ်ငန်းမှ ထွက်ရှိသည့် စွန့်ပစ်မြေစာများကြောင့် ရွာသားများ အဓိက အားထား အသုံးပြုနေသည့် မြောင်းပြိုချောင်း သည် ၂၀၀၅ ခုနှစ်တွင် လုံးဝတိမ်ကောသွားပြီး အကျိုးဆက်များကို ယခုအချိန်အထိ ခံစားနေရကြောင်း ဒေသခံ တဦး ဖြစ်သူ ဦးစိုးနိုင်ကလည်း ပြောသည်။

DPLN မှ အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက “အခုအချိန်အထိ တရွာလုံးသုံးနေတဲ့ ရေအရင်းမြစ်ဖြစ်တဲ့ မြောင်းပြို ချောင်းက ပြန်မပေါ်လာတော့ပါဘူး။ သူတို့ရဲ့ဥယျာဉ်ခြံ မြေတွေက လုံးဝပြန်စိုက်လို့ မရတော့ဘူး။ သူတို့ရဲ့ အိမ်တွေမှာ ဆို နုန်းစာတွေ ဝင်နေတာ တဝက်တိတိလောက် ရှိတယ်။ ဒါတွေကိုလည်း အခုအချိန်အထိ ဖယ်ရှားနိုင်ခြင်း မရှိသေး ပါဘူး။ သူတို့ရဲ့ ရေအရင်းအမြစ်သည် မြေစာဖုံးသွားတဲ့နေရာမှာ သောက်ရေ လုံးဝ မရနိုင်တော့ပါဘူး” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယင်းသို့ တရွာလုံးပျက်စီးဆုံးရှုံးမှုအပေါ် ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ တာဝန်မဟုတ်သောကြောင့် နစ်နာကြေး၊ လျော်ကြေး မပေးနိုင်ဟုဆိုကာ ကရုဏာကြေးအဖြစ် ရွာတရွာလုံး အတွက် ကျပ် သိန်း ၅၀ ပေးခဲ့သော် လည်း ယနေ့ အချိန်အထိ မည်သူကမှ လက်ခံခြင်းမရှိဟုလည်း ပြောဆိုသည်။

မြောင်းပြိုဒေသခံများ အနေဖြင့် ၎င်းတို့၏ ရေအရင်းမြစ်ဖြစ်သည့် မြောင်းပြို သဘာဝချောင်းကို ပြန်လိုချင်ပြီး ဥယျာဉ် ခြံမြေ များပေါ်တွင် ပြန်လည်စိုက်ပျိုးနိုင်လိုကြောင်း၊ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ တရားမျှတမှုကို လိုချင်ကြောင်း ပြောဆိုကြသည်။

တနင်္သာရီတိုင်း ဒေသကြီး အစိုးရသစ် တက်လာပြီးနောက် တိုင်းအတွင်းရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများကို ဥပဒေ နှင့် ညီ မညီ စိစစ်မှုများ ပြုလုပ်ခဲ့ပြီး သတ်မှတ် စည်းကမ်းချက်များကို လိုက်နာမှုမရှိသည့် ဟိန္ဒားသတ္တုမိုင်းနှင့် အရှေ့တိုင်း သတ္တု မိုင်းတွင်းတို့ကို ယာယီ ရပ်ဆိုင်းထားရန် တိုင်းအစိုးရအဖွဲ့က ဇွန် ၂၉ ရက်တွင် စာထုတ်ပေးပို့ခဲ့ ကြောင်း တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံမှ သိရသည်။

သို့သော် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဟိန္ဒားသတ္တုတွင်းကို ပြန်လည် လည်ပတ်ခွင့်ပြုခဲ့သည့်အတွက် မြန်မာ ပွန်ပီပက် ကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှု(EMP) ရေးဆွဲပြီး အစိုးရကို တင်ပြခဲ့သလား၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သဘာဝ ပတ်ဝန်းကျင် အာမခံလက်မှတ် (ECC) ကို ထုတ်ပေးပြီးပြီလား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု ဒေါ်အေးမွန်သူက ပြောသည်။

မြောင်းပြိုကျေးရွာတွင် အိမ်ခြေပေါင်း ၁၀၅ အိမ်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး လူငယ်အများစုသည် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading