စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မင်းကွန်းတောင်ရိုး၊ မင်ကွန်းတိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်အတွင်း ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက မီးလောင်းကျွမ်းမှုကြောင့် မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများ ဆုံးရှုံးခဲ့သည် ဆိုသည်မှာ မမှန်ကန်ကြောင်း ယင်း စာသင်တိုက်ကြီး၏ နာယက ဆရာတော်များအဖွဲ့မှ ဆရာတော် ဦးကေသရက မိန့်ကြားသည်။
“မီးသင့်တဲ့ ကျောင်းဆောင်ကြီးထဲမှာ ဆရာတော်ကြီးရဲ့ အသုံးအဆောင်ပစ္စည်းတွေ လုံးဝ မရှိတော့ပါဘူး။ မီးဘေးသင့် ကျောင်းဆောင်ရဲ့ အရှေ့ဘက်မှာ အုတ်တံတိုင်းကြီး တခုရှိတယ်။ ပြီးခဲ့တဲ့ ၁၃၇၆ ခုနှစ်အကုန် ၁၃၇၇ ခုနှစ်အကူးမှာ မိုးများပြီး ရေကြီးစဉ် မြေပြိုတဲ့အချိန်က အဲဒီ တံတိုင်းကြီး ပြိုကျခဲ့တယ်။ အဲဒီလို ဖြစ်စဉ်တွေ ဖြစ်ခဲ့တာကြောင့် ကျောင်းဆောင်ပေါ်မှာရှိတဲ့ ဆရာတော်ကြီးနဲ့ ပတ်သက်နေတဲ့ သမိုင်းဝင်ပစ္စည်း မှန်သမျှကို မဟာဗုဒ္ဓဝင်ပြခန်းနဲ့ ရာပြည့် ကျောင်းဆောင်ကြီးထဲမှာ ရွှေ့ပြောင်းထားခဲ့တယ်”ဟု ဆရာတော် ဦးကေသရက မိန့်ကြားသည်။
မင်းကွန်းတောင်ရိုးရှိ မင်ကွန်း တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်တွင် ကျောင်းဆောင်ပေါင်း များစွာရှိရာ ဒီဇင်ဘာ ၁၂ ရက် နေ့ ည ၉ နာရီခွဲခန့်က လျှပ်စစ် ဝါယာ လျှော့ဖြစ်ပွားမှုကြောင့် ကျောင်းဆောင် မီးသင့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင် မီးသင့်မှုကြောင့် မင်းကွန်းဆရာတော်ကြီး မဟာတိပိဋကဓရ မဟာ တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ ရေးသားပြုစုတော်မူခဲ့သော စာအုပ်ပေါင်း ၁၀ဝ ကျော် ပါဝင်သည့် ပိဋကတ်စာပေများ ထည့်သွင်းထားသည့် ဗီရို ၃ လုံး၊ ပေစာများ ထည့်သွင်းထားသည့် ဗီရို ၂ လုံး အပါအဝင် ဆရာတော်ကြီး၏ အသုံးအဆောင် ပစ္စည်းများဖြစ်သည့် ရှေးဟောင်း ဓာတ်ပြားများ၊ တိပ်ခွေများ၊ ဆရာတော်ကြီး ရဟန်းခံစဉ်အခါက အသုံးပြုခဲ့သော နှစ်ထပ်သင်္ကန်းကြီး၊ ပရိက္ခရာရှစ်ပါး၊ ဆဋ္ဌသင်္ဂါယနာ တင်စဉ်က အသုံးပြုခဲ့သည့် သင်္ကန်းနှင့်သပိတ်တော်၊ ဆင်စွယ်ဇာတာတော်၊ ပေစာ၊ ကျမ်းစာများ စသည့်တို့ မီးဘေးသင့်ရာတွင် ပါဝင်ခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း မင်းကွန်း တိပိဋက ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက် နာယက ဆရာတော်များအဖွဲ့က မိန့်သည်။
“ဆရာတော်ကြီးရဲ့ သင်္ကန်းတော်၊ သပိတ်တော်များကိုလည်း ပြောင်းရွှေ့ထားတယ်၊ ဆဋ္ဌသင်္ဂါယနာတင်စဉ်က ဆရာတော်ကြီး အသုံးပြုခဲ့သည့် သင်္ကန်းတော်နဲ့ သပိတ်တော်၊ ဆင်စွယ်ဇာတာတော်၊ ပေစာ၊ ကျမ်းစာတွေလည်း မီးဘေးသင့်ရာမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး” ဟု ဆရာတော် ဦးကေသရ မိန့်ကြားသည်။
ထို့အပြင် အွန်လိုင်းပေါ်တွင်လည်း ဆရာတော်ဘုရားကြီး သတင်းသုံးတော်မူခဲ့ရာ မူလ ကျောင်းဆောင် (ဗုဒ္ဓဝင်ပြခန်း) မီးသင့်ရာတွင် ပါဝင်ခဲ့သည်ဟု ရေးသား ဖော်ပြကြသည့်အတွက် ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယိကာမများက နှမြောတသ ဝမ်းနည်းပူဆွေး နေကြကြောင်း၊ ဖြစ်စဉ်အမှန်မှာ ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက် အတွင်းရှိ သံဃာ ၆ ပါး သီတင်းသုံးတော်မူရာ ၃ ထပ် ကျောင်းဆောင်တခုသာ မီးသင့်ခဲရာတွင် ပါဝင်ခဲ့ကြောင်း နာယက ဆရာတော်များအဖွဲ့၏ မိန့်ကြားချက်အရ သိရသည်။
“တကယ်တမ်းက ဦးပဉ္စင်းမိန့်ခဲ့တာမှာ အမှားဖြစ်သွားတာပါ။ မူလကတော့ ဆရာတော်ရဲ့ ပစ္စည်းတွေကို အခု မီးဘေးသင့်တဲ့ ကျောင်းဆောင်မှာ တချို့တဝက် ထားခဲ့တယ်။ ဆရာတော်ရဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းထားတာကိုလည်း မသိခဲ့တော့ အခုလို မိန့်ခဲ့တာပါ။ မီးလောင်တဲ့အချိန်မှာလည်း ဦးပဉ္စင်းက ခရီးလွန်နေတယ်၊ နောက် ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့တဲ့ ခေါင်းဆောင် ဆရာတော်ကလည်း အခြားနေရာမှာ ကျောင်းထိုင်ဖြစ်သွားတဲ့ အခါကျတော့ အချိတ်အဆက်တွေ မမိတော့ဘဲ၊ အခုလို ဖြေကြားခဲ့မိတာပါ” ဟု မီးလောင်မှုဖြစ်စဉ်အား မီဒီယာများ မေးမြန်းချက်ကို ဖြေကြားပေးခဲ့သည့် ဆရာတော် ဦးသီရိန္ဒက မိန့်ကြားသည်။
မီးဘေးသင့် ကျောင်းဆောင်မှာ စစ်ကိုင်းမြို့နှင့် မင်းကွန်းဒေသရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများ၊ မင်းကွန်းဒေသ ကမ္ဘာလှည့်ခရီးသွား စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ည ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့သည်ဟု သိရသည်။
ဓမ္မနာဒ ပရိယတ္တိ စာသင်တိုက်တွင် ယခုအခါ ကျောင်းနေသံဃာ ၁၃၅ ပါးရှိပြီး ကျောင်းတိုက်ကြီးတွင် ဆရာတော် ၄ ဆက် သီတင်းသုံးခဲ့ရာ ပထမဆရာတော်မှာ ဦးပညာစက္က၊ ဒုတိယ ဆရာတော်မှာ မင်းကွန်းဆရာတော်ကြီး၊ တတိယ ဆရာတော်မှာ ဦးသုစိတ္တ၊ လက်ရှိဆရာတော်မှာ ရွှေစင် တိပိဋကဓရ ဆရာတော် ဦးဂန္ဓမာလာလင်္ကာရ ကျောင်းထိုင် သီတင်းသုံးနေကာ အစဉ်အဆက် ဆရာတော်များ အားလုံးသည် မြင်းခြံဇာတိသားများ ဖြစ်ကြောင်း သိရသည်။
ကျောင်းဆောင် မီးလောင်မှုမှာ ဝါယာလျှော့ဖြစ်၍ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပေ ၃၀ ပတ်လည် ပျဉ်ထောင် အုတ်ခင်း ၄ ခန်းပတ်လည် မြေအောက်ခန်း အပါအဝင် သုံးထပ်ကျောင်းဆောင် ၁ လုံးနှင့် စောင်တန်း ၅ ခန်း ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၅၄ သိန်းခန့်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းတိုက်ကြီး၏ ရေ၊ မီးတာဝန်ခံ ကိုစန်းယုအား စစ်ကိုင်းမြို့မ ရဲစခန်းမှ (ပ)၁၂၈၉/၂၀၁၆၊ ပြစ်မှုဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
မင်းကွန်း ဆရာတော်ကြီး၏ အသုံးအဆောင်များ၊ ပုရပိုက်များနှင့် တခြားပစ္စည်းများအား မဟာဗုဒ္မဝင် ပြတိုက်နှင့် ရာပြည့် ကျောင်းဆောင်တို့တွင် ယခင်အတိုင်း ပြသထားရှိမြဲဖြစ်ရာ ပုံမှန်အတိုင်း လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။