ထိုင်းနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
လူကုန်ကူးခံရသည့် မြန်မာလုပ်သား ၃၈ ဦးအနက် အများစုမှာ ထိုင်းငါးဖမ်းလှေများ၌ လုပ်ခလစာမရရှိဘဲ နှစ်ချီရောင်းစား ခံခဲ့ရသူများဖြစ်ပြီး လုပ်သားတချို့မှာ ဖူးခက်ကမ်းခြေရှိ လူပွဲစားများ၏ နေအိမ်တွင် ပိတ်လှောင်ထားခံရသူများ ဖြစ်သည်ဟု ထိုရွှေ့ပြောင်းမြန်မာ လုပ်သားများအား ကယ်တင်ရာတွင် ပါဝင်ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
“သူတို့အားလုံးဟာ လုပ်အားခမရဘဲ နှစ်နဲ့ချီပြီး ရောင်းစားခံခဲ့ရသူတွေပါ။ ပြန်လွတ်လာတော့လည်း အကျယ်ချုပ်ပုံစံနဲ့ ထိုင်းနိုင်ငံရဲ့ထိန်းသိမ်းရေးစခန်းတွေမှာ ၁၀ လ လောက် နေခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုဥပဒေရဲ့ အားနည်းချက်ကြောင့် ထိန်းသိမ်းရေးစခန်းတွေမှာ အကြာကြီးနေခဲ့ကြရတာ” ဟု ၎င်းက ဆိုသည်။
လူကုန်ကူးခံရသူများသည် ထိုင်းနိုင်ငံတွင် ၁ နှစ်မှ ၃ နှစ်ဝန်းကျင်အထိ နေထိုင်ခဲ့သူများဖြစ်ပြီး၊ အများစုသည် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ လာရောက်ကြသူများ ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသည့် မြန်မာလုပ်သားများကို ဒီဇင်ဘာလ ၂၀ ရက်က ထိုင်း-မြန်မာ နယ်စပ်၌ နှစ်နိုင်ငံအာဏာပိုင်များက လွှဲပြောင်းပေးခဲ့ကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။
“ဒီလူတွေဟာ အချုပ်ထဲမှာ ၆ လ၊ ၁ နှစ်နေခဲ့ပြီး ပြန်ထွက်လာတဲ့အချိန်မှာ အိမ်ပြန်မယ့် လမ်းစရိတ်တောင် မရှိကြဘူး၊ သူတို့လိုပဲ ထိုင်းနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ မြန်မာနိုင်ငံသားတွေ အများကြီး ရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသားဦးရေ လျော့ကျသွားခြင်းမရှိဘဲ တိုးပွားလာနေကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတာဝန်ရှိသူများ အနေဖြင့် မိမိတို့နိုင်ငံသားများ အရေးကို ပိုမိုအလေးထားဆောင်ရွက်သင့်ကြောင်း MAT အဖွဲ့က ပြောသည်။
၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၄၇ ဦးကို MAT အဖွဲ့က ကယ်တင်နိုင်ခဲ့ပြီး၊ မြန်မာလူပွဲစား ၆ ဦးနှင့် ထိုင်းလူပွဲစား ၄ ဦးတို့ကို ထိုင်းနိုင်ငံ ဥပဒေအရ ဖမ်းဆီးနိုင်ခဲ့ကြောင်း MAT အဖွဲ့က ဆက်ပြောသည်။
ထိုင်းနိုင်ငံ၌ လူကုန်ကူးခံထားရသည့် မြန်မာနိုင်ငံသားများကို ကယ်ထုတ်ရာ၌ ယခင်နှစ်များထက် ပိုမိုအခက်အခဲ ရှိလာကြောင်း၊ ထိုသို့ဖြစ်ရသည်မှာ မြန်မာသံရုံးဝန်ထမ်းတချို့၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့်ဟု MAT အဖွဲ့က ဆိုသည်။
ထိုသို့ပြောဆိုမှုနှင့် ပတ်သက်ပြီး အလုပ်သမားသံအရာရှိတဦးက ၎င်းတို့အနေဖြင့် အလုပ်သမား အရေးကိစ္စများကို ပုံမှန်ဆောင်ရွက်နေကြောင်း ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေများပြားပြီး၊ အလုပ်သမား သံအရာရှိ ၂ ဦးသာ ရှိနေခြင်းကြောင့် နောက် ၁ ဦး ထပ်မံခန့်ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြီးခဲ့သည့်ရက်ပိုင်းက မီဒီယာများကို ပြောဆိုခဲ့သည်။