သတင်း

အိမ်အကူ မအေးယုအောင် နှိပ်စက်ခံရမှု ပြည်ထဲရေး ညွှန်ကြားချက်ဖြင့် ပြန်လည်စစ်ဆေး

Want create site? Find Free WordPress Themes and plugins.

အိမ်အကူ မအေးယုအောင် နှိပ်စက်ခံရမှု တရားမျှတမှုရရေးအတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ စာပို့ တိုင်ကြားမှု ရှိလာပြီးနောက် နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့က ပြန်လည် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း တိုင်ကြားသူနှင့် တရားလို မိသားစုဝင်များကို ခေါ်ယူစစ်ဆေးပြီး၊ စစ်ဆေးချက်များကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံသို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ ရဲမှူး မောင်မောင်စိုး က ပြောသည်။

ရဲမှူး မောင်မောင်စိုး က “ကိုကြည်လင်းဆိုတဲ့လူက တိုင်တဲ့ တိုင်စာကြောင့် နေပြည်တော် ပြည်ထဲရေး ရဲချုပ်ရုံးက စစ်ခိုင်းလို့ပါ။ ခုတော့ စစ်ဆေးပြီးလို့ စစ်ဆေးပေါ်ပေါက်ချက်တွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကို ၂၀ ရက်နေ့က တင်လိုက်ပါပြီ။ အဲဒီက တဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကို ဆက်တင်ရမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို ၎င်း၏ အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မအေးယုအောင်အား မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက်  နှိပ်စက် ကျူးလွန်ထားမှုဖြင့် ၂၀၁၂ ခုနှစ်မတ်လပိုင်းက တရားစွဲခဲ့သည်။

တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်ကို တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ၄ နှစ်ကျော်ကြာသည်အထိ ရဲက ဖမ်းဆီး မပေးနိုင်ခဲ့ဘဲ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က ကြားခံလူအချို့မှတဆင့် ကျပ် သိန်း ၂၀ ဖြင့် အမှု ကြေအေးပေးရန် လုပ်ဆောင်သွားခဲ့သည်ဟုဆိုသည်။

ထိုသို့လုပ်ဆောင်မှုသည် တရားဥပဒေကို ဖီလာဆန့်ကျင်နေသည်ဟု ယူဆသဖြင့် အမှုမှန်အတိုင်း တရားမျှတမှု ရရှိရေးအတွက် သမ္မတ ဦးထင်ကျော်ထံ တိုင်ကြားစာ ပေးပို့ခဲ့ရခြင်းဖြစ်ကြောင်း ထိုအမှုကို ပြန်လည်တိုင်ကြားခဲ့သူ ပဲခူးမြို့ခံ ဦးကြည်လင်း က ဧရာဝတီသို့ ပြောသည်။

ဦးကြည်လင်း က “ကျနော်တိုင်လိုက်တဲ့ကိစ္စမှာ တရားခံ၊ တရားလို စုံစုံညီညီ ဥပဒေနဲ့ အညီလုပ်ဖို့ဆိုတာက တရားရုံးရော၊ ရဲစခန်းရော၊ ဥပဒေရုံးရော သုံးခုစလုံးက စိစစ်ပြီးလုပ်ရမယ့် ကိစ္စပေါ့ဗျာ။ အဲဒီသုံးခုလုံးက သိသိကြီးနဲ့ ဥပဒေနဲ့ အညီမလုပ်လို့ တိုင်တဲ့သဘောပေါ့” ဟု ပြောသည်။

သမီးဖြစ်သူ ရိုက်နှက်နှိပ်စက်ခံရမှုများအတွက် တရားမျှတမှုရရှိရေး တရားရုံးတွင် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့မှာ တရားခံကို အချိန်မီ ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း၊ ၎င်းတို့မိသားစုမှာ ငွေကြေးချို့တဲ့သဖြင့် တရားရုံး ရုံးချိန်းကိုပင် သွားရန် လမ်းစရိတ် မတတ်နိုင်ကြောင်း မအေးယုအောင်၏ မိခင် ဒေါ်ကြူကြူ က ပြောသည်။

ထိုအမှုနှင့်ပတ်သက်ပြီး ကြားလူအချို့၏ စည်းရုံးမှုမှတဆင့် ကျပ်သိန်း ၂၀ ယူခဲ့ကြောင်း၊ ၎င်းအနေဖြင့် စာမဖတ်တတ်သဖြင့် တဖက်က ခိုင်းသည့်အတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းထိုးခဲ့သောလက်မှတ်များမှာ ကြေအေးမှု၊ အမှုရုပ်သိမ်းခြင်း ဖြစ်၊ မဖြစ်ကိုတော့ မသိကြောင်း ဒေါ်ကြူကြူက ဆိုသည်။

“ပိုက်ဆံ သိန်း ၂၀ ပေးတယ်။ ပွဲစားတယောက်နဲ့ သူတို့ဘာသာ သူတို့ အေးရာအေးကြောင်းလုပ်သွားကြတာပဲ။ ကျမတော့ မသိဘူး။ ကျမကို ပဲခူးရုံးတက်ရမယ်ဆိုပြီး ခေါ်သွားတယ်။ ဟိုရောက်တဲ့ အခါကျတော့ သူတို့အချင်းချင်း ညှိနှိုင်းကြတယ်။ ပြီးတော့ ကျမကို လက်မှတ်ထိုးခိုင်း၊ ကျမ်းကျိန်ခိုင်းတယ်။ သူတို့လက်မှတ်ထိုးခိုင်းတဲ့ အတိုင်း ထိုးပေးလိုက်တယ်။ ကျမက စာမတတ်တော့ မသိဘူးလေ” ဟု ဒေါ်ကြူကြူ က ဧရာဝတီသို့ ပြောသည်။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများရရှိထားပြီး ယင်း မတိုင်ခင် ကလည်း ဦးခေါင်းအား ပုလင်းနှင့် ရိုက်ထားသည့် ဒဏ်ရာများ၊ ရင်ဘတ်ကိုလည်း ဓားဖြင့် ထိခိုက်အောင် ပြုလုပ်ထားသည့် ဒဏ်ရာများ၊ ဆေးစာများနှင့် အတူ တရားလိုဘက်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading