မြန်မာကင်းထောက်လူငယ်များ အဖွဲ့အစည်းနှင့် လေ့ကျင့်ခွင့်ရခြင်းကို အခွင့်အရေးယူ၍ ကိုယ့်ဘဝအတွက်၊ ပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက် မှန်ကန်သော ရဲဘော်ရဲဘက်စိတ် မွေးမြူကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
“လူငယ်တွေပဲဖြစ်ဖြစ်၊ လူကြီးတွေပဲဖြစ်ဖြစ် စုစည်းမှု လိုအပ်တယ်။ စုစည်းမှုဟာ အောင်မြင်ဖို့အတွက် အကြီးဆုံး အင်အားပဲလို့ ယုံကြည်မှုကို ခိုင်မာအောင် လေ့ကျင့်သင့်ပါတယ်။ ပညာရေးစနစ်ကိုလည်း စုစည်းမှုကို အားပေးတဲ့ စနစ်မျိုး ဖြစ်လာအောင် ကြိုးစားနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့ကျင်းပသည့် မြန်မာကင်းထောက် ရာပြည့်အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
မြန်မာကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ကင်းထောက်အဖွဲ့ကို ရပ်ဆိုင်းခဲ့ပြီးနောက် ၄၈ နှစ် အကြာ ၂၀၁၂ ခုနှစ်မှ ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ငယ်စဉ်က ကင်းထောက်အဖွဲ့ဝင်တဦး ဖြစ်ခဲ့ပြီး၊ သမ္မတ ကင်းထောက်အဖွဲ့ဝင်တဦး ဖြစ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာကင်းထောက်အဖွဲ့ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံများစာရင်း၏ ၁၆၄ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လက အသိအမှတ်ပြု ထည့်သွင်းခဲ့သည်။
လက်ရှိ မြန်မာကင်းထောက်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ မြန်မာကင်းထောက်အဖွဲ့ ကော်မတီဥက္ကဌ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုက ကင်းထောက်အဖွဲ့များအပေါ် နိုင်ငံတော်က ဆက်လက်ပံ့ပိုးပေးရန် တင်ပြတောင်းဆိုခဲ့သည်။