Eleven Media Group (EMG) မှ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရသည့် အမှုနှင့် ဆက်နွယ်မှု ရှိသည်ဟု သံသယရှိသူ ၂ ဦး ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းသိရသည်။ ၎င်းတို့ ၂ ဦးမှာ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ ကာရာအိုကေ ဆိုင် တခုမှ ဝန်ထမ်းများဖြစ်သည်။
EMG မှ မုံရွာအခြေစိုက် သတင်းထောက်တဦး ဖြစ်သည့် ကိုစိုးမိုးထွန်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက် ၁ နာရီခန့်က မုံရွာရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် အတွင်းကြေဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ဆေးဘက်ဆိုင် ရာစစ်ဆေးမှုများအရ ရိုက်နှက်ခံရခြင်းကြောင့် ဦးခေါင်းခွံကွဲအက် သေဆုံးရခြင်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ သူပိုင် ငွေကြေး၊ ရွှေလက်စွပ်နှင့် အမျိုးသားမှတ်ပုံတင် ကတ်ပြားတို့ကို ယူဆောင်သွားခဲ့ခြင်း မရှိပါ။
အမှုကို စစ်ဆေးရန် အထူးစုံစမ်းရေးအဖွဲ့တခုကို ဖွဲ့စည်းလိုက်ပြီး ယခုအချိန်အထိ လူ ၃၀ ခန့်ကို စစ်ဆေးမေးမြန်းခဲ့ပြီး ဖြစ်သည်ဟု မုံရွာဗဟိုရဲစခန်းမှ ဒုရဲအုပ် စိုးမင်းထွန်းကပြောသည်။ စစ်ဆေးခံရသူ အများစုမှာ ကိုစိုးမိုးထွန်း အသတ် ခံရသည့် ညကသွားရောက်ခဲ့သော မုံရွာရှိ Blue Sky KTV မှ ဝန်ထမ်းများ ဖြစ်သည် ဟု သိရသည်။
“သူက KTV ကနေ အဲဒီည ၁၁ နာရီခွဲလောက်မှာ ပြန်ထွက်သွားတယ်လို့ ကျနော်တို့ တွေ့ရှိခဲ့ရပါတယ်။ ထွက်သွားပီးနောက် သိပ်မကြာခင် သူ အသတ်ခံခဲ့ရပါတယ်” ဟု ဒုရဲအုပ် စိုးမင်းထွန်းက ပြောသည်။ ရဲတပ်ဖွဲ့က အဆိုပါ KTV မှ ဝန်ထမ်းများနှင့် စားပွဲထိုးများကို အဓိကထား၍ စစ်ဆေးခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရဲအဖွဲ့က Blue Sky KTV မှ မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ အထိ ရမန်ယူခဲ့သည်ဟု သိရသည်။ သူတို့ ၂ ဦးက ကိုစိုးမိုးထွန်း KTV သို့ ရောက်လာခြင်းနှင့် ပြန်ထွက်သွားခြင်းကို သတိမပြုမိကြောင်း ပြောကြားခဲ့ကြပြီး သူတို့၏ လက်ကိုင်ဖုန်းများမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို ဖျက်ထားခဲ့ကြသည်ဟ ုဒုရဲအုပ် စိုးမင်းထွန်းက ပြောသည်။
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြင့်နိုင်က ကိုစိုးမိုးထွန်း၏ မိသားစုနှင့် တွေ့ဆုံခဲ့ပြီး အမှန်တရားပေါ်ပေါက်ရေးအတွက် ဆက် လက်ဆောင်ရွက်ရန် ရဲအဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု သိရသည်။
“ဒီလူသတ်မှုမှာ လူ ၃ ယောက်လောက် ပါဝင်ပတ်သက်နေတယ်လို့ ယူဆရပါတယ်။ ဒါက ဥပဒေမဲ့ လုပ်ရပ်ပါ။ လက်ခံနိုင် စရာ မရှိပါဘူး” ဟု တိုင်းဝန်ကြီးချုပ်က ပြောသည်။
မီဒီယာအရေး အဖွဲ့အစည်းများကလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ တရားခံများကို တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ပေးရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။