ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူရွာမှ လယ်သမား ၇၂ ဦးကို တောင်ကြီးမြို့နယ် တရားရုံး က တပ်ပိုင်မြေ ကျူးကျော်မှုဖြင့် ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်း အပေါ် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါ လယ်သမားများ၏ အမှုကို ကူညီပေးနေသည့် Peace and Justice Legal Aid အဖွဲ့မှ တရား လွှတ်တော် ရှေ့နေ ဒေါ်ခင်မိုးမိုးက တရားမျှတမှု မရ၍ အယူခံတက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“အယူခံတက်ဖို့ ဒီနေ့ကစပြီး ပြင်ဆင်နေပါပြီ။ တလအတွင်းတက်ရမှာဆိုတော့လေ။ သူတို့ ထောင်ကနေပြီး လျှော့ရက် နဲ့ လွတ်သွားလည်း လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲ။ တောင်သူတွေက တရားမျှတမှုမရတဲ့ အတွက်ကြောင့် ကျမတို့ အယူခံ တက်တာပါ”ဟု ဒေါ်ခင်မိုးမိုးက ပြောပြသည်။
ဆက်လက်၍ ၎င်းက အယူခံတက်ရန်အတွက် အမှု ၂၂ မှုစလုံးကို မိတ္တူကူးမှုများ ယနေ့ လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြစ်ဒဏ် ကျခံနေရသည့် တောင်သူလယ်သမားများ ၏ ကိုယ်စားလှယ် လွှဲစာများကိုလည်း တောင်လေး လုံးထောင် တွင် သွားယူရမည်ဖြစ်ကြောင်းလည်း ရှင်းပြသည်။
ယင်းလယ်သမား ၇၂ ဦးကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်(ရပခ) ပိုင် လယ်ဧက ၅၀၀၀ ပေါ်တွင် ပိုင်နက်ကျူးလွန် လုပ်ကိုင်မှု ပေါင်း ၂၂ မှုဖြင့် ၂၀၁၅ ခုနှစ်ကစပြီး တရားစွဲဆိုခဲ့ခြင်းကို တောင်ကြီးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၂ ရက် တွင် ထောင်ဒဏ် နှင့် ငွေဒဏ် အသီးသီးချမှတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ပြစ်ဒဏ် ပေးလိုက်ခြင်းဖြစ်ပြီး အမှုတခုစီ အတွက် ထောင်ဒဏ် ၁ လစီ ကျခံရမည် ဖြစ်ကြောင်း၊ ၇၂ ဦးထဲတွင် တချို့မှာ ၂ မှု၊ တချို့မှာ ၃ မှု၊ ထော်လာဂျီ မောင်းသမား တဦးဆိုလျှင် ၆ မှုဖြစ်သည့် အတွက် အမှုအလိုက် လတိုးပြီး ကျခံရမည်ဖြစ်ကြောင်း ဒေါ်ခင်မိုးမိုးက ပြောသည်။
ဒေါ်ခင်မိုးမိုက “၆ မှုပါတဲ့ တယောက်ဆို သူက ထော်လာဂျီသမား။ သူ့ကို ဒီရွာကလာပြီး ငါ့နေရာ လာထွန်ပေးဆို သွား ထွန် လိုက်။ နောက် တရွာက လာထွန်ပေးဆိုလည်း သွားထွန်လိုက်တယ်။ အဲဒီတော့ သူက ဒီလူတွေ အစွဲခံရတိုင်း ပါ နေတာ”ဟုလည်း ပြောပြသည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် က ရပခ ဘက်စုံတိုက်ကွင်းဟု ဆိုကာ ၁၉၉၆ ခုနှစ်တွင် ရေပူရွာအပါအဝင် ကျေးရွာ ၈ ရွာ မှ လယ်မြေ ဧက ၅၀၀၀ ကို သိမ်းယူခဲ့ပြီး ဧက ၁၀၀ ခန့်သာအသုံးပြုသည့်အတွက် ကျန်မြေများပေါ်တွင် အနီးဝန်းကျင် ကျေးရွာ ၈ ရွာ ခန့်မှ သီးစားခပေးပြီး စိုက်ပျိုးခဲ့သည်မှာ နှစ်ပေါင်း ၂၀ နီးပါးရှိပြီဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း တွင် လုပ်ပိုင်ခွင့် မပေးတော့ဘဲ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အကူအညီပေးနေသူ တဦးဖြစ်သည့် ဦးတင်မောင်တိုးက လည်း ပြောသည်။
ဆက်လက်၍ ၎င်းက ကျန်ရစ်သူမိသားများကို အကူအညီပေးနိုင်ရေးအတွက် ၎င်းတို့ နေထိုင်ရာ ကျေးရွာများတွင် လိုက်လံ၍ စာရင်း ကောက်ယူနေသည်ဟုလည်း ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်တွင် ယခုကဲ့သို့ တောင်သူ လယ်သမားများအား အစုလိုက် အပြုံလိုက် ထောင်ဒဏ် ချမှတ်လိုက်ခြင်းအပေါ် တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူများက လည်း ဝေဖန်ကန့်ကွက်လျက် ရှိသည်။
လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးဇော်ရမ်းက “မြေ မတရား သိမ်းပိုက်တဲ့ကိစ္စတွေမှာ NLD အစိုးရ လက် ထက် မှာလည်း အရင်နဲ့ ဘာမှမထူးတဲ့အပြင် ပိုဆိုးလာသလား ထင်ရလောက်အောင် စိတ်ဆင်းရဲစရာတွေသာ လယ်သမားတွေ ကြုံတွေ့လာရပြီ ဖြစ်တယ်။ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေတဲ့ တောင်သူတွေ ဆီက မတရားသိမ်းသူတွေကိုတော့ ဘယ်တရားရုံးကမှ ထောင်ချတယ်မကြားဘူး”ဟု ပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် လယ်သမား ၇၂ ဦးတွင် အမျိုးသား ၄၀ ၊ အမျိုးသမီး ၃၂ ဦးဖြစ်ပြီး အသက် ၇၀ ကျော် တောင်သူ လယ်သမားကြီး ၅ ဦးနှင့် အမျိုးသမီးကြီး ၁ ဦးကို တမှုလျှင် ဒဏ်ငွေ ကျပ် နှစ်သောင်း စီလည်းကောင်း၊ အသက် ၁၇ နှစ်အရွယ် ကျောင်းသူ မိန်းကလေးငယ်ကိုမူ ဒဏ်ငွေ ကျပ် ၅၀၀ စီလည်းကောင်း အသီးသီးဒဏ်ငွေ ရိုက်ပြီး လွှတ်ပေးလိုက်ကြောင်း သိရသည်။