အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် နယ်မြေသတ်မှတ်နိုင်ရေး စီမံချက်များ ရေးဆွဲရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့သော JMC မျက်နှာစုံညီ အစည်းအဝေးအပြီးတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက သတင်းမီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး ဝဏ္ဏအောင်က “မိုင်းရှင်းတဲ့အခါမှာ ပြည်သူလူထု အများဆုံး အသုံးပြုတဲ့လမ်းတွေ၊ နေရာဒေသတွေကို အရင်ဆုံး လုပ်ဆောင်ဖို့ ဒီနေ့မှာ ညှိနှိုင်းထားပါတယ်။ အဲဒီအပေါ်မှာ သက်ဆိုင်ရာ JMC-S အလိုက် စီမံချက်တွေ ရေးဆွဲမယ်။ ရေးဆွဲပြီးလို့ ရပြီဆိုတာနဲ့ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မှာပါ” ဟု ပြောသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် နှစ်ဘက်အဖွဲ့များအကြား မိုင်းရှင်းလင်းရေး ဆောင်ရွက်ရမည်ဆိုသည့် သဘောတူညီချက် ရှိထားကြောင်း၊ သို့သော် မိုင်းရှင်းလင်းရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဘတ်ဂျက် မရှိသေးကြောင်းနှင့် ဘတ်ဂျက် ရရှိလာပါက မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
နယ်မြေသတ်မှတ်မှု ဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား (သို့) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းများအကြား နှစ်ဖက်ထိစပ်နယ်မြေများ၌ နယ်ကျွံမှု အကြောင်းပြချက်များဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။
NRPC တွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် JMC မျက်နှာစုံညီ အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) နှင့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) တို့မှ ကိုယ်စားလှယ်ပေါင်း ၆၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) တွင် မူဝါဒ ချမှတ်ပြီး ဖြစ်သော်လည်း ပြည်နယ်/တိုင်း ဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) က အရင်ဆုံး စတင်လုပ်ဆောင်ရမည်ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။
“လက်ရှိ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ တပ်မတော်ကို JMC မှာ ချမှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်နဲ့ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ် (CoC) ကို အဓိက လိုက်နာပြီး မချိုးဖောက်ဖို့ အတွက်ပဲ သက်သေပြလို့ ရပါတယ်။ CoC ကို လိုက်နာရင် နှစ်ဖက်ဘာမှဖြစ်စရာ မရှိဘူး။ ရှိလာရင်လည်း ပေါ့ပေါ့ပါးပါးကိစ္စလောက်မို့ အောက်ခြေမှာတင် ဖြေရှင်းနိုင်တယ်။ လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်စေချင်တယ်။ သူတို့ပါဝင်လာအောင်လည်း နမူနာကောင်းတွေ ပြသရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် တပ်မတော်တို့အကြား ရှမ်းပြည်နယ်အတွင်း၌ ၂ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ပထမအကြိမ် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကြားသိရသည်။
JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်က “RCSS နဲ့က ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ မူးယစ်ဆေးဝါး ဝင်လာတယ်ဆိုတာကို RCSS ဘက်က သတင်းရတယ်။ တပ်ဘက်ကလည်း သတင်းရတယ်။ ဒါကို စုံစမ်းရင်းနဲ့ မတော်တဆ ဖြစ်တာပါ။ မမျှော်လင့်ဘဲ ဆုံတွေ့တယ်လို့ ကျနော်အကြမ်းဖျင်း သိထားတယ်။ ဒါဟာနယ်မြေပိုင်းခြား သတ်မှတ်မှု တိတိကျကျ မရှိသေးတာရယ်၊ အောက်ခြေပိုင်းမှာ ဆက်သွယ်မှုစနစ်က ကောင်းကောင်း ပြည့်ပြည့်စုံစုံ မလုပ်သေးတာရယ်၊ JMC-S က ကောင်းကောင်းမလည်ပိတ်နိုင်သေးတာရယ်ကြောင့် ဖြစ်ရတယ်လို့ သိရပါတယ်” ဟု ပြောသည်။
အစိုးရနှင့် NCA စာချုပ် မရေးထိုးရသေးသော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က JMC တွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ ကတိကဝတ်များ ပိုမိုခိုင်မာမှု ရှိစေရေးအတွက် နိုင်ငံတကာ အသိသက်သေများ ထည့်သွင်းခွင့်ပြုရန် အဆိုပြုထားသည်။
သို့သော် ပြည်တွင်း၌ ဖြစ်ပွားသော ပဋိပက္ခတွင် ပြည်ပနိုင်ငံခြားသားများကို အသိသက်သေအဖြစ် ခေါ်ယူခြင်းမရှိဘဲ အရပ်သား ကိုယ်စားလှယ်များကိုသာ ထည့်သွင်းပြီး ကိုယ်အိမ်တွင်း ပြဿနာကို ကိုယ်တိုင်ဖြေရှင်းမည်ဆိုသည့် အခြေခံ စဉ်းစားချက်ဖြင့် JMC ကို ထူထောင်ခဲ့ခြင်း ဖြစ်သဖြင့် JMC တွင် နိုင်ငံခြားသားများကို ထည့်သွင်းသွားမည်မ ဟုတ်ကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင်က သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများကို အသိပေး ပြောဆိုသည်။