ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အမှတ် – ၆ ရပ်ကွက်အတွင်း ခိုးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ၍ ရပ်ကွက်နေ ပြည်သူများ သတိဝီရိယရှိကြရန် လမ်းသာယာရေးအဖွဲ့က အသံချဲ့စက်မှတဆင့် သတိပေးကြေညာချက် ထုတ်လွှင့်နေသည်ကို တွေ့ရသည်။
ကျောက်တံတားမြို့နယ်၊ အမှတ် – ၆ ရပ်ကွက် အတွင်းရှိ ၃၈ လမ်း အလယ်ဘလောက် တခုတည်း၌ ဒီဇင်ဘာလအတွင်း ပြစ်မှု (၅) မှု ဖြစ်ပွားခဲ့ကြောင်း ထိုပြစ်မှုများထဲတွင် အနုကြမ်းစီးမှု (၁) မှု အပါအဝင် ခိုးမှု (၄) မှု ရှိကြောင်း လမ်းသာယာရေးအဖွဲ့က ဧရာဝတီကို ပြောသည်။
လမ်းသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အောင်က “ အခု ခိုးမှုတွေက ဆက်တိုက်ဖြစ်နေတော့ စိုးရိမ်စရာ ဖြစ်လာတယ်။ ဒီလဆို ပိုများလာတယ်။ ဒါကြောင့် လမ်းထဲကပြည်သူတွေ အနေနဲ့ သတိဝီရိယရှိကြဖို့ ကျနော်တို့အနေနဲ့ သတိပေးနေတာပါ” ဟု ဆိုသည်။
ကျောက်တံတားမြို့နယ် ၃၈ လမ်း အလယ်ဘလောက် လမ်းသာယာရေးအဖွဲ့က လမ်းလုံခြုံမှုအတွက် ဆိုင်ရှင်များနှင့် အိမ်ရှင်များကို သတိပေးမှုများ ပြုလုပ်နေသည့်အပြင်၊ လမ်းတလျှောက် လုံခြုံရေးကင်မရာများ တပ်ဆင်ထား၍ စောင့်ကြပ်ကြည့်ရှုနေသည်ကို တွေ့ရသည်။
၃၈ လမ်း အလယ်ဘလောက်တွင် ဖြစ်ပွားခဲ့သော လုယက်မှုအပါအဝင် ကားပစ္စည်း၊ တယ်လီဖုန်း၊ စက်ဘီး စသည့် ခိုးမှုများအားလုံးကို လုံခြုံရေးကင်မရာမှတဆင့် ရုပ်သံမှတ်တမ်းများ ရယူနိုင်ခဲ့ပြီး အမှုအချို့ကို မြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သော်လည်း ဖော်ထုတ်အရေးယူပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ခိုးတဲ့သူတွေထဲမှာ အမျိုးသမီးတွေတောင်ပါတယ်။ ယောက်ျားလေး များတယ်။ တချို့ဆို အသက်တောင် မပြည့်ကြသေးဘူး။ တအိမ်အိမ်ကို သွားစရာရှိသလိုလို ဘာလိုလိုနဲ့ ခပ်တည်တည်နဲ့ဝင်သွားပြီး တံခါးဖွင့်လို့ရရင် ဝင်ခိုးသွားကြတာပဲ။ ဒါကြောင့် လမ်းထဲနေ ပြည်သူတွေအနေနဲ့ အိမ်မှာလူရှိရင်တောင် သော့တွေအသေအချာ ခတ်နေကြဖို့ သတိပေးနေရတာ” ဟု ဦးကျော်အောင်က ပြောသည်။
၃၈ လမ်းထဲရှိ Stylish Fashion Shop ဆိုင်ထဲသို့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းက အမျိုးသားတဦး ဝင်ရောက်လာပြီး အနုကြမ်းစီးခဲ့ပြီး ဆိုင်အတွင်းရှိ အမျိုးသမီးထံမှ လက်ဝတ်ရတနာများနှင့် တယ်လီဖုန်းတို့ကို ခြိမ်းခြောက် တောင်းယူသွားကြောင်း သိရသည်။
Stylish Fashion Shop ဆိုင် အမျိုးသမီးဝန်ထမ်းတဦးက “ကျမတို့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဖမ်းမိတယ်လို့ မကြားသေးဘူး။ အဲဒီလူကိုတော့ အမြန်ဆုံး ဖမ်းမိစေချင်တယ်။ တခြားလူတွေကိုလည်း အဲဒီလိုမျိုး ထပ်လုပ်မှာ ကျမတို့ စိုးရိမ်တယ်” ဟု ဧရာဝတီကို ပြောသည်။
Stylish Fashion Shop ဆိုင် အမှုနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဒုရဲမှူးတိုးမြို့က “ ဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုတွေဘက်ကို စစ်ဆေးမှုတွေ လုပ်ထားတယ်။ တရားခံကိုတော့ စုံစမ်းမှုတွေ ပြုလုပ်နေတုန်းပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ကျောက်တံတားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ခိုးဆိုးလုယက်မှုများနှင့် ပတ်သက်ပြီး စာရင်းအတိအကျကို ရန်ကုန်တိုင်းရုံးထံ ဆက်သွယ်မေးမြန်းရန် လမ်းညွှန်လိုက်ပြီး၊ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ ၎င်းတို့မြို့နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၊ ရပ်မိ၊ ရပ်ဖများ၊ လမ်းသာယာရေး အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေကြောင်း ဒုရဲမှူးတိုးမြို့က ဆက်ပြောသည်။