ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်း အားလုံး အများပိုင်စနစ် ပြောင်းလဲပြီးပါက ယာဉ်လုပ်သား များနှင့် ပတ်သက်၍ ယာဉ်လိုင်း ပိုင်ရှင်ကုမ္ပဏီက တာဝန်ခံရမည်ဖြစ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်သူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့က ပြောသည်။
လက်ရှိတွင် ယာဉ်လိုင်းတချို့၏ ယာဉ်လုပ်သားများ(ယာဉ်မောင်း၊ ယာဉ်နောက်လိုက် လက်မှတ်ရောင်း)က ခရီးသည် များကို ယာဉ်စီးခ ပိုတောင်ခြင်း၊ မချေမငံ ဆက်ဆံခြင်းနှင့့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိ သည့်အပေါ် သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှုမရှိ ဟုဆိုကာ ခရီးသွားပြည်သူတချို့က တုံ့ပြန် မှုများ ပြုလုပ် လာလျက် ရှိသည်။
သယ်သူပို့ ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာ မောင်အောင်က “အရင်က ယာဉ်မောင်းတွေ၊ နောက် လိုက် တွေကိုပဲ အရေးယူခဲ့တယ်၊ အခုတဦးချင်းဖြစ်နေတာတွေက ဘတ်(စ်) ကား ပိုင်ရှင်တွေ တာဝန်မဲ့တာပေါ့၊ သူ့လူတွေ သူမနိုင်တဲ့ကိစ္စ၊ ပိုက်ဆံရရင်ပြီးရော မဟုတ်ဘဲ၊ တာဝန်ခံမှုပါရှိရမှာပါ၊ နောက်ပိုင်း အခြေအနေပေါ် မူတည် ပြီး ယာဉ်လိုင်း ပိတ်သိမ်းတဲ့အထိ အရေးယူ သွားမှာပါ”ဟု ပြောသည်။
လက်ရှိယာဉ်လိုင်းများ၏ စည်းကမ်းပိုင်းကို မထသ(ဗဟို)က ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စည်းကမ်းချက် ၁၃၈ ချက်နှင့် အညီ ကိုင်တွယ်လျက်ရှိပြီး ပြစ်မှုမြောက်သည့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများအပေါ် သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံးများက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ခရီးသည်များအပေါ် ယာဉ်လုပ်သားများ၏ ရိုက်နှက်မှုဖြစ်စဉ်များ အတွင်း တရားဝင် ယာဉ်မောင်းခွင့် နှင့် ယာဉ်နောက်လိုက်ခွင့် မထသ က အသိအမှတ်ပြုမှု မရှိသူများလည်း ပါဝင်နေကြောင်း သိရသည်။
ယာဉ်လိုင်းများနှင့်ပတ်သက်၍ တိုင်ကြားစာမှာလည်း ယခုနှစ်အတွင်း တိုင်စာ ၁၂၀၀ ခန့်ရှိပြီး ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ်ကာ ခိုက်ရန်ဖြစ်ပွားမှုများနှင့် တုတ်များ စစ်ဆေးတွေ့ရှိခြင်းများလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်လုပ်သားများမှ ခရီးသည်များနှင့် အခြားယာဉ်မောင်းများအပေါ် ဝိုင်းဝန်းရိုက်နှက် နေသည့် ဗီဒီယို ဖိုင်များကို လူမှုကွန်ရက် စာမျက်နှာ(Facebook) ပေါ်တွင် ဖြန့်ဝေမှုများရှိနေပြီး ယင်းသို့လုပ်ရပ်များအပေါ် ခရီးသွား ပြည်သူများက ပြန်လည်တုံ့ပြန် တိုက်တွန်းနေမှု များလည်း ရှိနေသည်။
ယင်းသို့ ဗီဒီယိုဖိုင်များဖြန့်ဝေရာတွင် လတ်တလောဖြစ်ပွားနေသကဲ့သို့ ဖိုင်အဟောင်းများကို ပြန် လည်ဖော်ပြမှုများ ရှိနေပြီး ဖြစ်ပြီးခဲ့သည့်ဖြစ်စဉ်များကိုလည်း အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဖိုင်းအဟောင်းများကို မည်သည့် ရည်ရွယ်ချက်ဖြင့် ပြန်တင်နေသည်ကို မသိကြောင်းလည်း ဦးလှအောင်က ပြောသည်။
အများပိုင် သယ်ယူပို့ဆောင်ရေး စနစ်ကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန် လုပ်ဆောင်လျက်ရှိပြီး စနစ်ပြောင်း ကာလဖြစ်သည့်အတွက် ကိုင်တွယ်ထိန်းချုပ်ရန် အခက်အခဲများရှိနေကြောင်းလည်း သယ်သူပို့ ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့မှ ဒေါက်တာ မောင်အောင်က ပြောဆိုသည်။