နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်တွင် ဆောက်လုပ်နေသည့် တိုက်အလုံးပေါင်း ၂၂ လုံး၊ အိမ်ခန်းပေါင်း ၄၇၆ ခန်း အ တွက် တခန်းလျှင် သိန်း ၁၀၀ နှုန်းဖြင့် အိမ်ရာ ဝယ်ယူခွင့်ကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှတဆင့် စတင် ရောင်းချနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက တနိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်နိုင်ရန် နေပြည်တော်တွင် စမ်းသပ်သည့် အနေဖြင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ၂ ခုကို စတင်ခဲ့ရာ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရှိ စီမံကိန်းတခုနှင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင် မြင် သစ်တောကြိုးဝိုင်း ဧရိယာအတွင်း စီမံကိန်း တခုတို့ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာ ဖွံ့ဖြိုးရေးဌာနခွဲက ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဧရာဝတီသို့ ပြောသည်။
“ရွှေနံသာ စီမံကိန်းအတွက်က ဆောက်ကြည့်တဲ့ စမ်းသပ် ၂ လုံးက ၈၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ။ ၈ ခန်းတွဲ ၅ထပ် တိုက် ၂ လုံး။ တိုက်တလုံးကို အခန်း ၄၀ ပါတယ်။ အခန်း ၈၀ ပြီးပါပြီ။ အဲဒါတွေကို စပြီး ရောင်းနေပြီ။ သိန်း ၃၀ ရဖို့အတွက် ဘဏ်မှာ ငွေစပြီး စုနိုင်ပါပြီ”ဟု ဦးဝင်းနိုင်က ပြောသည်။
အငြိမ်းစား နိုင်ငံဝန်ထမ်းများနှင့် ဝင်ငွေနည်း ပြည်သူများကို ရောင်းချမည့် တန်ဖိုးနည်း အိမ်ရာတွင် အခန်း ဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစုစာအုပ် Saving Account တခုကို အိမ်ခန်း ဝယ်ယူရန် ရည်ရွယ်၍ ဖွင့်လှစ်ပြီးနောက် အခန်း တန်ဖိုး သိန်း ၁၀၀ ၏ ၃၀ ရာခိုင်နှုန်းဖြစ်သည့် သိန်း ၃၀ ရရှိရန် စတင် စုဆောင်းရမည် ဖြစ်ကြောင်း သိရသည်။
“သိန်း ၃၀ ပြည့်သွားတဲ့အချိန်မှာ သိန်း ၃၀ စု ပြီးတဲ့သူတွေ အားလုံးကို ဘဏ်က စာရင်းပြုစုပြီးတော့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ကို စာရင်း ပို့ပါတယ်။ ဒီလူတွေကတော့ အိမ်ဝယ်ဖို့ ကနဦး သွင်းရမယ့် သိန်း ၃၀ ပြည့်သွားရင် ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်က ချေးပေးမှာ” ဟု ဦးဝင်းနိုင်က ပြောသည်။
၎င်းက ဆက်၍ “ဒီလူက ငွေသွင်းတာ မှန်တယ်။ အိမ်ပိုင်မြေပိုင်လည်း မရှိဘူး။ ဆက်ပြီး ပုံမှန်စုမယ့် အလားအလာလည်း ရှိတယ်ဆိုရင် ဘဏ်က ချေးငွေ ၇၀ ရာခိုင်နှုန်း ထုတ်ပေးလိုက်မယ်။ ထုတ်ပေးတဲ့ ၇၀ ရာခိုင်နှုန်းကို ငွေချေလိုက်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်းငွေ ကျေသွားမယ်။ ငွေကျေသွားရင် ထုံးစံအတိုင်း သော့အပ်ရမယ်၊ တက်ရောက်နေထိုင်ခွင့် ပြုမယ်”ဟု ပြောသည်။
သို့သော် အိမ်ပိုင်ဆိုင်ခွင့် Owner Book ကိုမူ ၇၀ ရာခိုင်နှုန်း ဘဏ်မှ ချေးငွေယူထားသဖြင့် ဘဏ်မှ သိမ်းဆည်းထားမည် ဖြစ်ကြောင်း၊ ၁၅ နှစ်အတွင်း အတိုး ၉ ရာခိုင်နှုန်း ပေး၍ အကျေဆပ်နိုင်ပါက Owner Book ပြန်လည် ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်မည့် ဒုတိယ စီမံကိန်း ဖြစ်သည့် ရန်အောင်မြင် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို နေပြည်တော် မြို့ ပတ်လမ်း ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် သစ်တောကြိုးဝိုင်း မြေဧက ၁၀၀ ပေါ်တွင်မူ မြေဧရိယာ၏ ၃၄ ရာခိုင်နှုန်းခန့်ကိုသာ အိမ် အဆောက်အဦများ ဆောက်လုပ်မည်ဟု သိရသည်။
ကျန်ဧရိယာများတွင် စိမ်းလန်းမြေ၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးရုံး၊ ပန်းခြံ၊ စသည်ဖြင့် မြေအသုံးချမှုကို ခွဲဝေထားကြောင်း၊ အိမ်ခန်း ပေါင်း ၂၁၄၄ ခန်းအတွက် အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် ဒေသခံတောင်သူများကို ရည်ရွယ် ရောင်းချမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြောသည်။
နေပြည်တော်တွင် ရောင်းချမည့် တန်ဖိုးနည်းအိမ်ခန်းအတွက် သိန်း ၁၀၀ မှာ သိန်း ၃၀ သာ စတင်သွင်းရမည် ဖြစ်သဖြင့် ပင်စင်စား ဝန်ထမ်းများသည် ပင်စင်ယူလျှင် နောက်ဆုံး လစာ၏ အဆ ၂၀ ဆုကြေးရရှိရာ သိန်း ၃၀ ခန့်ကို ဘဏ်သို့ စတင်သွင်းနိုင်လိမ့်မည်ဟု ထင်ကြောင်း အငြိမ်းစား ရဲမှူးကြီးတဦးဖြစ်သူ ဦးဇော်ဝင်းအောင်က ပြောသည်။
“သိန်း ၁၀၀ ကတော့ တန်ပါတယ်။ နေပြည်တော်မှာ ခြံကွက်တွေတောင် သိန်း ၁၀၀၊ ၁၅၀ ရှိတယ်။ ဗုဗ္ဗသီရိနဲ့ ဘူတာကြီးဘက်မှာဆိုရင် အိမ်မပါဘဲနဲ့တောင် သိန်း ၂၅၀ လောက်အထိ ရှိတယ်။ အငြိမ်းစား ရဲမှူးတွေကိုတော့ အရင်အစိုးရ လက်ထက်တုန်းက ၆၀×၈၀ အကွက်တွေ ချပေးခဲ့ဖူးတယ်”ဟု ဦးဇော်ဝင်းအောင်က ပြောသည်။
ယခု ရွှေနံသာ တန်ဖိုးနည်း အိမ်ရာရှိ အခန်းအားလုံးမှာ ကျပ် သိန်း ၁၀၀ ဖြစ်ပြီး အထပ် အနိမ့်အမြင့်များကိုမူ မဲစနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။