သတင်း

မန္တလေးရှိ ကြိုက်တာယူ ၄၅၀၀ ကျပ်တန် ဆိုင်များကို စိစစ်နေ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရှိ “ကြိုက်တာယူ ၄၅၀၀ ကျပ်” ဈေးဆိုင်များအနက် စည်းကမ်းနှင့်မညီသည့် ဆိုင်များကို ဥပဒေ ၂ ခု ဖြင့် အရေးယူသွားရန် တိုင်းအစိုးရအဖွဲ့က စိစစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေး ရာဝန်ကြီး ဦးစိုင်းကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“တချို့ဆိုင်တွေကတော့ စည်ပင်ကချထားပေးတဲ့ လုပ်ငန်းလိုင်စင် တရားဝင် ရှိသလို တချို့ကျတော့ မရှိဘူး။ အဲဒီလို လိုင်စင်မရှိတဲ့ဆိုင်တွေကို စည်ပင် ဥပဒေအရ အရေးယူမယ်။ ၁၀ ဆိုင် စစ်တယ်ဆိုရင် ထက်ဝက် လောက်ကတော့ လိုင်စင်ရှိပါတယ်။ ပြီးတော့ ဆိုင်ဖွင့်ရောင်းချနေတဲ့ပုဂ္ဂိုလ်တွေဟာ တရားဝင် “လဝက” ကနေ ဝင်ခွင့်ရထားတဲ့သူတွေလား ဆိုတာ စစ်တယ်။ အဲဒီလို မဟုတ်ရင်တော့ လဝက အက်ဥပဒေနဲ့ နယ်နှင်ဒဏ် ပေးရမှာပေါ့” ဟု ၎င်းက ရှင်းပြသည်။

၎င်းဆိုင်အများစုသည် မန္တလေမြို့၏ စည်ပင်နယ်နိမိတ်အတွင်း ဖြစ်သောကြောင့် စည်ပင်၏ ခွင့်ပြုချက် လုပ်ငန်းလိုင် စင် မရှိပါက စည်ပင်ဥပဒေအရ ဒဏ်ရိုက်အရေးယူခြင်း၊ ရောင်းချသည့် တရုတ်နိုင်ငံသားများက ပြည်တွင်းသို့ တရားဝင်ဗီဇာဖြင့် လာရောက်ခြင်း မဟုတ်ပါက လူဝင်မှုကြီးကြပ်ရေး (လဝက) အက်ဥပဒေ အရ ပြည်နှင်ဒဏ်ပေးခြင်း ဖြင့် အရေးယူသွားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။

မန္တလေးခရိုင်အတွင်း ကြိုက်တာယူ ၄၅၀၀ ကျပ်တန် ဆိုင်ပေါင်း ၃၈ ဆိုင်ရှိပြီး ထက်ဝက်ခန့်က လုပ်ငန်းလိုင်စင်ရှိကြောင်း၊ ခရိုင်ထွေအုပ်၊ ရဲ၊ စည်ပင်၊ လဝက၊ အကောက် ခွန်၊ စားသုံးသူရေးရာ ဦးစီးဌာနတို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် စစ်ဆေးတွေ့ရှိချက်များအား ဒီဇင်ဘာလ တတိယပတ်က မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“စစ်ဆေးတွေ့ရှိချက်အားလုံးကို တိုင်းအစိုးရအဖွဲ့ကို တင်ထားပါတယ်၊ အဓိကကတော့ လာရောင်းတဲ့ တရုတ်နိုင်ငံသားတွေက တရားဝင်ဗီဇာနဲ့ လာတာလား၊ သူတို့ရောင်းတဲ့ ပစ္စည်းတွေကရော အခွန်ဆောင် ထားတာ ဟုတ်၊ မဟုတ် စစ်ဆေးတာပါ” ဟု မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောသည်။

ပြီးခဲ့သည့်နှစ်မှ စတင်ကာ ဖွင့်လှစ်မှုများလာသည့် မန္တလေးမြို့ရှိ ကြိုက်တာယူ ၄၅၀၀ ကျပ်တန် ဆိုင်များရှိ ကုန်ပစ္စည်းနှင့် တန်ဖိုးများသည် တွက်ခြေကိုက်၍ ဈေးသက်သာ သောကြောင့် ဝယ်ယူအားပေးသူများ လာပြီး ယခုနှစ်တွင် တရုတ်လူမျိုးအများစုက မြို့တွင်းရှိ အထင်ကရ ဈေးကြီးများ အနီးနှင့် မြို့သစ်တွင် တိုးချဲ့ဖွင့်လှစ်လာကြသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက “စားသုံးသူအတွက် အဆင်ပြေတယ် ဆိုပေမယ့် ရောင်းချတဲ့သူက ကိုယ့်နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်နေတယ် ဆိုရင်တော့ အရေးယူ ကြပ်မတ်ဖို့ လိုအပ်ပါတယ်။ ဒီတကြိမ်မှာ သူတု့ိ့က နိုင်ငံခြားသားမို့နားမလည်လို့ လုပ်တယ်ဆိုရင် နောက်တကြိမ်မှာ နိုင်ငံရဲ့ တည်ဆဲဥပဒေတွေ နဲ့အညီ ဘယ်လိုလုပ်ကိုင်လို့ ရတယ်ဆိုတာ တရားဝင် လမ်းကြောင်းမျိုး ပေးသင့်တယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် တရားဝင်လုပ်ကိုင်နေတဲ့ ပြည်တွင်း လုပ်ငန်းရှင် အတွက် ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျသွားလိမ့်မယ်” ဟု ဧရာဝတီသို့ သုံးသပ်ပြောသည်။

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် “ကြိုက်တာယူ ၄၅၀၀ ကျပ်” ဆိုင်များသည် တရုတ်နိုင်ငံထုတ် အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းများကို မည်သည့်ကုန်ပစ္စည်းမဆို တမျိုးလျှင် ၄၅၀၀ ကျပ် ဖြင့် အဓိကရောင်းချခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်များကို နိုဝင်ဘာလကုန်ပိုင်းမှ စတင်ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading