ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် မိမိတို့နေအိမ်များကို စွန့်ခွာထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များ အတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့် ရှမ်းလူငယ်များကွန်ရက်က ပြောသည်။
ရှမ်းလူငယ်များကွန်ရက်မှ ကိုစိုင်းအောင်မြင့်ဦးက “ အလှူရှင်တချို့တော့ ကူညီပေးနေပါတယ်၊ ကူညီလှူဒါန်းကြဖို့လည်း ကျနော်တို့က နှိုးဆော်ပေးနေတယ်။ ဆောင်းတွင်းဆိုတော့ အနွေးဓာတ်ရမယ့် အဝတ်အစားတွေ လိုအပ်နေတယ်။ စစ်ပွဲတွေရပ်သွားရင်တော့ အိမ်ပြန်ကြမယ်လို့ ဒုက္ခသည်တွေက ပြောကြတယ်။ လက်ရှိမှာ စစ်ပွဲတွေက ကြိုကြားကြိုးကြား ရှိသေးတယ်” ဟု ဧရာဝတီကို ပြောသည်။
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA ) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒုက္ခသည် ၁,၆၀၀ ကျော်ကို သီပေါမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းတွင် နေရာချ ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။
ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် စေတနာရှင်များနှင့် လူမှုအဖွဲ့အစည်းတချို့က ကူညီပေးမှုများ ရှိနေပြီး၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်ပေးနေလျက် ရှိသည်။
ဒုက္ခသည် ၁၆၀၀ ကျော်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးအများအပြား ပါဝင်ကြောင်း၊ စစ်ပွဲများကြောင့် စာသင်ကျောင်း အများစု ပိတ်ထားရသဖြင့် ကလေးအများစု စာသင်ကြားမှု ရပ်ထားရကြောင်း၊ တိုက်ပွဲများကြောင့် သီပေါမြို့နယ်အပြင် နမ္မတူ၊ နမ့်ဆမ်နှင့် ကျောက်မဲမြို့နယ်တို့၌ စစ်ပြေးဒုက္ခသည်တချို့ ရှိနေကြောင်း ကိုစိုင်းအောင်မြင့်ဦးက ဆက်ပြောသည်။
RCSS/SSA နှင့် TNLA တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆက်တိုက်ဖြစ်ပွား ခဲ့ပြီး၊ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှ စတင်၍ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယခုရက်ပိုင်း တိုက်ပွဲများအတွင်း RCSS/SSA ၏ ပစ်ခတ်မှုကြောင့် အရပ်သားတဦး ယခုလ ၂၀ ရက်က သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့သည့်အပေါ် RCSS/SSA က အရပ်သားများကို ပစ်ခတ်မှု မရှိကြောင်း၊ TNLA ၏ စွပ်စွဲပြောဆိုမှုသာဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။
RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းလက “ ကျနော်တို့က ပြည်သူကို ပစ်ခတ်တာ မရှိဘူး၊ TNLA ကိုလည်း သွားမတိုက်ဘူး၊ ကျနော်တို့ သွားလာလှုပ်ရှားမှုတွေကို တိုက်ခိုက်တဲ့အတွက် ပြန်လည်တိုက်ခိုက်တာပဲ ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ခိုက်လိုမှု မရှိကြောင်း၊ TNLA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တံခါးအမြဲတမ်း ဖွင့်ထားကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောသည်။
RCSS/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်၍ အစိုးရတပ်မတော်နှင့် ပူးပေါင်း၍ ၎င်းတို့တပ်များအား ပူးပေါင်းတိုက်ခိုက်နေကြောင်း TNLA က ပြောသည်။ ထို့အတူ RCSS/SSA အဖွဲ့သည် ရှမ်းပြည်တောင်ပိုင်းတွင် အခြေစိုက်သည့်အဖွဲ့ ဖြစ်သော်လည်း ယခုအခါ ရှမ်းမြောက်ဒေသများသို့ တိုးချဲ့လာသည့် အတွက် ၎င်းတို့ TNLA တပ်များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းဟု TNLA မှ ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော်က ဧရာဝတီကို ပြောသည်။
မိုင်အိုက်ကျော်က “RCSS/SSA အဖွဲ့က သူတို့တပ်တွေရှိတဲ့တောင်ပိုင်းကို ပြန်သွားရင်တော့ တိုက်ပွဲတွေ ရပ်သွားမှာပါ၊ လောလောဆယ်တော့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတာမျိုး ကျနော်တို့ဘက်ကရော၊ သူတို့ဘက်ကလည်း မရှိသေးပါ ဘူး” ဟု ဆိုသည်။
TNLA နှင့် RCSS/SSA တို့သည် နယ်မြေ အငြင်းပွားမှုကြောင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) ကလည်း ကြားဝင် စေ့စပ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရသေးပေ။