ရန်ကုန် – မန္တလေး လမ်းမကြီး မကွေး – ကျောက်ပန်းတောင်း လမ်းပိုင်းရှိ လမ်းနှင့် မလွတ်ကင်း ဟူသည့် အကြောင်းပြ ချက် ဖြင့် ခုတ်လှဲပစ်မည့်သစ်ပင် ၅၀၃ ပင်နှင့် ပတ်သက်၍ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများကြောင့် ပြန်လည် စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများက မကွေးတိုင်းဒေသကြီး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး တို့နှင့် ဒီဇင်ဘာ ၂၅ ရက်၊ ၂၆ ရက် တွင် တွေ့ဆုံခဲ့ကြပြီး အရပ်ဘက် အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို တင်ပြခဲ့ပြီးနောက် ယင်းကဲ့သို့ ပြန်လည် စိစစ် မှုများပြုလုပ် ခြင်းဖြစ်ကြောင်း သစ်ပင် ၅၀၃ ပင် တားဆီးရေး လှုပ်ရှားမှု (Stop Cutting 503 Campaign)အဖွဲ့မှ ကိုကျော် ကိုရှိန် က ဧရာဝတီ ကို ပြောသည်။
ဝန်ကြီး ဦးတင်နွယ်ဦး အနေဖြင့် သစ်ပင်များ ခုတ်လှဲရှင်းလင်းသည့် အခါတွင် စနစ်တကျ ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ခုတ်မည့်သစ်များတွင်လည်း ကတ္တရာလမ်းနှင့် မလွတ်ကင်းသော လုံးပတ် ၆ ပေဝန်းကျင် သစ်ပင် ၁၀ ပင်ခန့်သာ ပါ ရှိ ခြင်း၊ လုံးပတ် နှစ်ပေသုံးပေ သစ်ပင်များသာ ပါရှိခြင်း၊ ညောင်မုတ်ဆိတ်ပင်များ လုံးဝမပါရှိခြင်း၊ တချို့လမ်းနှင့် လုံးဝ မလွတ် ကင်းသည့် ညောင်ပင်များကိုမူ ထိခိုက်ခြင်းမရှိဘဲ ကိုင်းများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လည်း ၎င်းက ရှင်းပြသည်။
ကိုကျော်ကိုရှိန်က “ဝန်ကြီး ဦးမြင့်ဇော်ကလည်း ဒီဟာအပေါ်မှာ ပြန်ပြီး သုံးသပ်မယ်လို့ ဖြေတယ်။ လက်ရှိ ခုတ်နေတဲ့ ဟာတွေပေါ်မှာလည်း စာထုတ်ပြီး တရားဝင် တားမယ်ဆိုတာမျိုး ပြောတယ်။ ဆောက်လုပ်ရေးဝန်ကြီး ဘက်ကလည်း ခုတ်သင့်တဲ့ သစ်ပင်တွေကိုပဲ ခုတ်မယ်။ အခုကုမ္ပဏီက တင်ထားတဲ့အတိုင်း လက်မခံဘူး။ ပြန်လျှော့ချမယ်။ BOT တာဝန် ယူထားတဲ့ ကောင်းမွန်ကုမ္ပဏီနဲ့ တွေ့ပြီး ဒါကိုအတည်ပြုချက် ယူမယ်။ ပြီးရင် ၅ ရက်အတွင်း စာထုတ်ပြန်မယ်လို့ ပြောတယ်”ဟုလည်း ဆိုသည်။
ကောင်းမွန်ကုမ္ပဏီ အနေဖြင့် မကွေး – ကျောက်ပန်းတောင်း လမ်းပိုင်း မိုင် ၆၀ ခန့်ကို ၁၈ ပေ လမ်းမှ ၂၄ ပေလမ်း ချဲ့ထွင် ရန် ဒီဇင်ဘာ ၆ ရက်တွင် စာထုတ်၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မိုင်တိုင် ၃၉၉ မိုင်မှ သုံးမိုင် အတွင်းရှိ သစ် ပင် ၂၀ ခန့်ကို ခုတ်ထွင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသစ်ပင် ၂၀ ခန့်တွင် လမ်းနှင့်လွတ်ကင်းသည့် ကုက္ကိုလ်ပင်ကြီး များ၊ ထနောင်းပင်ကြီးများ ပါဝင်ခဲ့သည့်အတွက် စိုးရိမ်ပူပန်မှုဖြစ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ သစ်ပင်များခုတ်လှဲမှုနှင့် ပတ်သက်၍ ချောက်၊ ရေနံချောင်း ဒေသရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ လူငယ် ကွန်ရက်များ၊ သစ်ပင် ချစ်မြတ်နိုးသူများ ပူးပေါင်းပြီး ခုတ်လှဲပစ်မည့် သစ်ပင် ၅၀၃ ပင် တားဆီးရေး လှုပ်ရှားမှု (Stop Cutting 503 Campaign)အဖြစ် လက်မှတ်ကောက်ယူမှုကို ဒီဇင်ဘာ ၂၅ ရက်မှ စတင်လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၁၅ ရက် အထိပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ စိုးရိမ်မှုကို တိုင်းဒေသကြီး ဝန်ကြီးများက အလေးထားပြီး ပြန်လည်စိစစ်မှုများ ပြုလုပ်နေပြီ ဖြစ်သော်လည်း လက်မှတ်ကောက်ယူမှုကို ရပ်တန့်ပစ်လိုက်မည် မဟုတ်ကြောင်း သစ်ပင် ၅၀၃ ပင် တားဆီးရေး လုပ်ရှားမှု အဖွဲ့ဝင်များက ပြောသည်။
မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က “ဒီလိုသစ်ပင်ကို ချစ်မြတ်နိုးတဲ့ အဖွဲ့ အစည်းတွေရဲ့ စိတ်ဓာတ်ကို တန်ဖိုးထားရမှာပါ။ ဒါပေမယ့် အခုလမ်းဖောက်တာက အများနဲ့သက်ဆိုင်တဲ့ ပြည်သူများ သွား လို့ လာလို့ကောင်းအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလမ်းကိုချဲ့တာပေါ့။ နောက်ပြီး သစ်ပင်တပင် နုတ်ရင် ၁၀ ပင် ပြန်စိုက်မယ် ဆိုတဲ့ အစီအစဉ်တွေ ဆွဲနေတယ်လည်း သိရပါတယ်”ဟု ပြောဆိုသည်။
ဒေသခံ အဖွဲ့အစည်းများ အနေဖြင့် ဝန်ကြီး ထုတ်ပြန်မည့် စာကို စောင့်ကြည့်သွားမည်ဖြစ်ပြီး အတည်ပြုထားသော သစ်ပင် စာရင်းများ ကောက်ယူခြင်း၊ သစ်ပင်များ အမှတ်အသားပြုလုပ်သည့် အချိန်တွင် ပါဝင်စောင့်ကြည့်ခြင်း၊ ခုတ်လှဲသည့် အချိန် တွင် လည်း စနစ်တကျဖြင့် သစ်ပင်များ ထိခိုက်မှု အနည်းဆုံးဖြစ်ရန် ပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သစ်ပင် ၅၀၃ ပင် တားဆီးရေး လုပ်ရှားမှု အဖွဲ့ဝင်များက ပြောသည်။
ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများ အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးများ၏ သဘောထားဖြင့် လျှော့ချ ထားမှုများကြောင့် ကုမ္ပဏီက ခုတ်လှဲပစ်မည့် သစ်ပင် ၅၀၃ ပင်အနက် ယခုအခါ အပင် ၂၀၀ ကျော်ကို ခုတ်ပစ်တော့မည် မဟုတ်ကြောင်း သိရသည်။