ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ အခြေစိုက် စခန်းကြီး တခု ဖြစ်သည့် လိုင်ဖောင် စခန်းနှင့် စခန်းငယ် ၆ ခုကို အစိုးရ တပ်မတော်မှ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။
KIA ၏ တပ်စခန်းများအား တိုက်ခိုက် သိမ်းပိုက်ရာတွင် လေကြောင်း တိုက်ခိုက်မှု အပြင် ခြေလျင်၊ အမြောက်၊ တင့် ကား စသည်တို့နှင့် လက်နက်ကြီးများ ပစ်ကူ၍ ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး က ထုတ်ပြန်ထားသည်။
လိုင်ဖောင် တပ်စခန်းနှင့်စခန်းငယ် တချို့အား အစိုးရတပ်မတော်က လေကြောင်းမှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရ သော်လည်း အသေးစိတ် မသိရသေးကြောင်း KIA ၏ ပြန်ကြားရေး တာဝန်ခံ ဒု ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီ ကို ပြော သည်။
၎င်းက “တပ်စခန်းတွေက လေကြောင်းကနေ တိုက်ခိုက်ပြီး သိမ်းပိုက်တာပါ၊ ဒီနေ့တော့ တိုက်ပွဲတွေ ဖြစ်တာမရှိပါဘူး” ဟုလည်း ဆိုသည်။
လိုင်ဖောင် စခန်းသည် KIA ဌာနချုပ် လိုင်ဇာနှင့်အမှတ် ၆ နယ်ခြား မှတ်တိုင် တဝိုက်ရှိ စခန်းများနှင့် ဆက်သွယ်ရေး လမ်း ကြောင်း ဖြစ်သည့်အပြင် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်တို့အား ခြိမ်းခြောက်နိုင်သည့် စခန်းတခု ဖြစ်ကြောင်း လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။
KIA နှင့် အစိုးရ တပ်မတော်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ထဲရှိ ဇိုင်းအောင် ဒုက္ခသည် စ ခန်းမှ ဒုက္ခသည်များသည်လည်း ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေတွင် ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း ဒုက္ခသည် တဦးဖြစ်သူ ဦးလောဒ်အောင် က ဧရာဝတီ ကို ပြောသည်။
ဇိုင်းအောင် ဒုက္ခသည် စခန်းသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် လိုင်ဖောင် တပ်စခန်း အနီးတွင်တည်ရှိပြီး ဒုက္ခသည် ၂၆၀၀ ခန့် ရှိသည်ဟု ဆိုသည်။
ဘေးလွတ်ရာ ထွက်ပြေးနေကြသည့် ဒုက္ခသည်များ၏ စားသောက်ရေးအတွက် ကူညီပေးနိုင်ရန် ဒုက္ခသည် စခန်း တာဝန် ရှိသူများ နှင့် ကချင် ဘာသာ ရေးအဖွဲ့တချို့ကလည်း သက်ဆိုင်ရာ အာဏာပိုင်များနှင့်ညှိနှိုင်းနေဆဲ ဖြစ်ပြီး၊ တချို့သော ဒုက္ခ သည် များသည် တရုတ်နယ်စပ်သို့ ထွက်ပြေးနေကြကြောင်း သိရသည်။
ထို့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်တွင်လည်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်တို့သည် ဒီဇင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး TNLA ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးကြောင်းလည်း အစိုးရ သတင်းများ၌ ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရ တပ်နှင့် TNLA တို့သည် ကျောက်မဲမြို့နယ်၌ တိုက်ပွဲကြီး ၄ ကြိမ် ဖြစ်ပွားခဲ့ ကြောင်း၊ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာ အနီး၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အစိုးရ တပ်မတော်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး မီးလောင် ပျက်စီးသွားကြောင်း TNLA ကလည်း ထုတ်ပြန်ထားသည်။
TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က “အိမ်တွေပျက်စီးသွားတာက အစိုးရ တပ်မတော်က လေကြောင်း က တိုက်ခိုက်လို့ မီးလောင်ပြီး ပျက်စီးတာပါ၊ TNLA က ပစ်တာမဟုတ်ပါဘူး” ဟု ပြောသည်။
ထို့အတူ အရပ်သားများ ထိခိုက်သေဆုံးမှုသည်လည်း မည်သည့်အဖွဲ့က ပစ်ခတ်၍ ထိမှန်ခြင်း ဆိုသည်ကို အတိအကျ မ သိသေးဟု TNLA က ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၌ အစိုးရ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု ဖြစ်သည့် KIA ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ TNLA နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ကြား တိုက်ပွဲ များသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ လ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့်အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် မူဆယ်၊ မုံးကိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ စ သည့်မြို့နယ်များတွင် ထိခိုက် ပျက်စီး ဆုံးရှုံးမှု အများအပြားရှိခဲ့ပြီး၊ အရပ်သားများ သေဆုံးမှုလည်း ရှိခဲ့သည်။
ရှမ်းမြောက်ပိုင်းရှိ တိုက်ပွဲများသည် လုံး၀ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ဒုက္ခသည် ဦးရေသည်လည်း ထောင်ချီရှိနေပြီး ဒုက္ခသည်များ၏ စားဝတ်နေရေး အတွက် အကူအညီများ လိုအပ်နေကြောင်း အကူအညီ ပေးနေသူများ က ပြောသည်။