ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မုန်ဂါဇွပ် (ခေါ်) ဇိုင်းအောင် စစ်ရှောင် ဒုက္ခသည်စခန်း အနီး လက်နက် ကြီး ကျည်များ ကျသဖြင့် ဒုက္ခသည် ၂၆၀၀ ခန့်သည် တရုတ်နိုင်ငံသို့ သွားသည့် ဝိုင်းမော်မြို့ ကားလမ်းမကြီး အနီးတွင် ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သတင်း ရရှိသည်။
ဇိုင်းအောင် စစ်ရှောင်စခန်းမှ တိမ်းရှောင်နေသူ တဦးဖြစ်သည့် ဒေါ်ခေါန်ရာက “မနေ့က ညနေ ၆ နာရီ ဝန်းကျင်မှာ ကျမ တို့ Camp(ဒုက္ခသည် စခန်း) နားကို ကျည် ၅လုံးကျတယ်။ ကျမတို့လည်း ကြောက်တာနဲ့ ညကတည်းက ပြေး လာ တာပါ”ဟု ဧရာဝတီကို ပြောသည်။
စစ်ရှောင် ဒုက္ခသည်များသည် ညတွင်းချင်း ထွက်ပြေးလာရသဖြင့် ဆန်အနည်းငယ်၊ စောင်နှင့် အနွေးထည်များကိုသာ သယ်ယူ၍ ပြေးလာခဲ့ကြရသည်ဟုလည်း ဆိုသည်။
ထိုဒုက္ခသည်များသည် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၆နာရီဝန်းကျင်မှ စ၍ ဝိုင်းမော်မြို့ကားလမ်းမကြီး ဘေးသို့ ထွက် ပြေး လာကြခြင်း ဖြစ်ပြီး ယခုအချိန်အထိ လမ်းမဘေးတွင် နေနေရသဖြင့် အမိုးအကာများ၊ သောက်သုံး ရေများ မရှိ၍ အခက်အခဲ ကြုံနေရသည်ဟုလည်း သိရသည်။
ဇိုင်းအောင် စစ်ရှောင်စခန်းမှ ဦးလောဒ်အောင်ကလည်း “နေက အရမ်းပူတယ်။ ကျနော်တို့ အခု ရေမရှိလို့ အခက် အခဲ ဖြစ်နေတယ်။ အခု ပြေးလာတဲ့ နေရာက ဇိုင်းအောင်စခန်းနဲ့ ၂မိုင် ကျော်ကျော် လောက်မှာပါ။ ရှေ့ကိုလည်း ဆက်သွား လို့ မရဘူး။ တိုက်ပွဲတွေ ဖြစ်နေလို့ တပ်(တပ်မတော်) တွေက ပိတ်ထားတယ်”ဟု ပြောသည်။
ဇိုင်းအောင် စစ်ရှောင်စခန်းအနီးသို့ ကျခဲ့သည့် လက်နက်ကြီး ကျည် ၅ လုံးသည် မည်သည့် အဖွဲ့အစည်းက ပစ်ခတ် ကြောင်းကိုလည်း အတည်မပြုနိုင်သေးပါ။
သို့သော် ဇိုင်းအောင် စစ်ရှောင်ဒုက္ခသည်များ၏ ပြောဆိုချက်အရ ဇိုင်းအောင်စခန်းအနီးတွင် တပ်မတော်၏ တပ်စခန်း ရှိပြီး စခန်း အရှေ့ဘက်တွင်လည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တောင်ကုန်းတခု ရှိသည်ဟု သိရ သည်။
ဒီဇင်ဘာလ ၂၇ ရက်က တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်က ဝိုင်းမော် မြို့နယ် အတွင်းရှိ KIA ၏ တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေ ဖြစ်သည့် လိုင်ဖောင် တောင်ကုန်း စခန်း အပါအဝင် စခန်းငယ် ၆ ခုကို သိမ်းပိုက်လိုက်သည်ဟု သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲပြင်းထန်ခဲ့သည့် KIA တပ်ရင်း (၃) နယ်မြေ နှင့် ဇိုင်းအောင် စစ်ရှောင်စခန်းမှာ နယ်မြေအရ ကွာဝေး သော် လည်း ဆိုင်ကယ်နှင့် သွားလျှင် ၃ နာရီသွားရသည့် အကွာအဝေးတွင် ရှိသည်ဟုလည်း ဦးလောဒ်အောင်က ပြော သည်။
ဆက်လက်ပြီး ဦးလောဒ်အောင်က “တပ်နဲ့ KIA နဲ့ တိုက်ပွဲဆက်ဖြစ်နေရင် တပ်က KIA ကို ပစ်နေရင် ကျနော်တို့ စခန်း (ဒုက္ခသည် စခန်း) ကို ထိနေမှာ။ အဲ့ဒါကြောင့် ကျနော်တို့ မပြန်ရဲသေးဘူး”ဟုလည်း ပြောသည်။
လက်ရှိတွင် ကချင်နှစ်ခြင်းအသင်းတော်မှ တာဝန်ခံတချို့၊ ဇိုင်းအောင် စစ်ရှောင်စခန်း တာဝန်ခံများနှင့် သက်ဆိုင်ရာ မြို့ နယ် အာဏာပိုင်များက ဇိုင်းအောင် စစ်ရှောင်စခန်းမှ ထွက်ပြေးလာသူများကို နေရာချထားပေးရန် စီစဉ်ပေးမည် ဟု ဆိုကာ ညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။
ဇိုင်းအောင်စခန်းမှ ထွက်ပြေးလာကြသည့် စစ်ရှောင်ဒုက္ခသည် ဦးရေ ၂၆၀၀ တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ် များ လည်း ပါဝင်ပြီး ၎င်းတို့ ဦးရေကိုတော့ အတိအကျ မသိရသေးပါ။
ဇိုင်းအောင်စခန်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လ နောက်ပိုင်းတွင် တပ်မတော်နှင့် KIA ကြား ဝိုင်းမော်မြို့နယ် အတွင်း တိုက်ပွဲ များ ဖြစ်ပွားရာမှ ပေါ်ပေါက်လာသည့် စစ်ဘေးရှောင်ဒုက္ခသည်စခန်း တခု ဖြစ်သည်။
တပ်မတော်နှင့် KIA တို့ကြား ၂၀၁၁ ခုနှစ်၊ ဇွန်လမှ စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရသည့် ဒုက္ခသည် စုစုပေါင်း တသိန်းခွဲ ခန့် ရှိကြောင်း သိရသည်။
တပ်မတော်နှင့် KIA သည် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲများသည် သြဂုတ်လ ၁၇ ရက်မှ စတင်၍ ပြန်လည် ဖြစ်ပွား ပြီး နောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ရာ တပ်မတော်ဘက်က လေကြောင်း တိုက်ခိုက်မှု များလည်း ပြုလုပ်ခဲ့သည်။
KIA သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ထိုးနိုင်ရန် ညှိနှိုင်း နေဆဲ ဖြစ်သည်။
နိုဝင်ဘာလ ၂၀ ရက်ကလည်း ရှမ်းပြည်နယ်၊ မြောက်ပိုင်း ၊ မူဆယ်မြို့နှင့် မုံးကိုးမြို့တို့တွင် KIA ပါဝင်သည့် မြောက် ပိုင်းမဟာမိတ်တပ်ဖွဲ့က နိုင်ငံရေးပြဿနာများကို ဖြေရှင်းပေးရန်ဟု ဆိုကာ တပ်မတော်နှင့် ရဲစခန်းများကို တိုက်ခိုက် ခြင်းများ ပြုလုပ်ခဲ့သေးသည်။
ထိုကိစ္စ အတွက်လည်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရန် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ၏ ဗဟိုဌာနချုပ် ရှိရာ ပန်ဆန်းမြို့သို့ ယနေ့ ခရီးထွက်သွားပြီ ဖြစ်ကြောင်း သိရသည်။