မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတဦးအား ချစ်သူဟောင်းက အက်ဆစ်နှင့် ပက်ပြီး အကြမ်းဖက် ခံရသည့်အမှုသည် တရားရုံးတွင် ၆ လကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း စီရင်ချက် မချ နိုင်သေးကြောင်း သိရသည်။
“အရင်တုန်းက ပြောတာ အမှုစစ်မယ့်ရက်က ၆ လလို့ပြောထားတယ်။ အခုက ၆ လမကတော့ဘူး။ ကြားထဲမှာ ဥပဒေအရာ ရှိလည်း ပြောင်းတယ်။ တရားသူကြီးလည်း အလွှဲအပြောင်းရှိတော့ ၆ လကျော်နေပြီ”ဟု အက်ဆစ်နှင့် အပက်ခံရသူ ကာယကံရှင် အမျိုးသမီးငယ်က ပြော သည်။
ကာယကံရှင် အမျိုးသမီးငယ်က ၎င်း၏ အကြမ်းဖက်ခံရမှု၊ ဆေးကုသမှု အခြေအနေနှင့် တရားစီရင်မှု အခြေအနေများ ကို ဒီဇင်ဘာ ၂၈ ရက်က လှိုင်သာယာမြို့နယ်၊ နဝဒေး ဥယျာဉ်အိမ်ရာ အတွင်းရှိ အခရာ အမျိုးသမီးအဖွဲ့ ရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် မေ ၂၂ ရက်တွင် အဆိုပါ အမျိုးသမီးငယ်ကို ချစ်သူဟောင်းဖြစ်သူက အက်ဆစ်ဖြင့် ပက်မှုကြောင့် အမျိုးသမီးငယ်မှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ဖခင်ဖြစ်သူသည်လည်း ကျောဘက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးငယ် က ပြောသည်။
ယခုအခါ အက်ဆစ်နှင့်ပက်သူ အမျိုးသားအား ပုဒ်မ ၃၂၆ (ပြင်းထန် နာကျင်စေမှု)နှင့် ပုဒ်မ ၃၂၄ (သာမန်နာကျင်စေမှု) တို့ ဖြင့် တရားစွဲဆိုထားပြီး သံဖြူဇရပ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေသည်မှာ ရုံးချိန်း ပေါင်း ၂၀ ကျော် ရှိပြီဖြစ်သော်လည်း ကြားထဲတွင် အကြောင်း အမျိုးမျိုးကြောင့် ရုံးချိန်းပျက်ခဲ့ရသည်များ ရှိကြောင်း လည်း ၎င်းက ရှင်းပြသည်။
“စဖြစ်တဲ့ ညကတည်းက ရဲစခန်းမှာသွားပြီး တိုင်ချက်ဖွင့်ခဲ့တယ်။ အခုဆို ၇ လပြည့်သွားပြီ။ ရုံးချိန်းပေါင်း အခေါက် ၂၀ တောင် မကတော့ဘူး။ ဒါပေမယ့် ကြားထဲမှာ ပျက်ကွက်ထားတာတွေတော့ အများကြီးရှိတယ်။ တခေါက်သွားရင် လည်း သူတို့အကြောင်းပြချက် အမျိုးမျိုးနဲ့ ရုံးမှာမစစ်ဖြစ်တာတို့ ဘာတို့ ရှိတယ်။ အခုက တရားခံဘက်က သက်သေ တွေ ကို စစ်နေတယ်။ အခုလည်း ဇန်နဝါရီလမှ အမှုကို ပြန်စကိုင်မယ်ပြောတယ်”ဟုလည်း ကာယကံရှင် အမျိုးသမီး ငယ် က ပြောဆိုသည်။
အက်ဆစ်ဖြင့်ပက်ခဲ့သူ အမျိုးသားသည် အချုပ်ခန်းထဲတွင် ရှိနေလျက်ကပင် ကာယကံရှင် အမျိုးသမီးငယ်ထံသို့ ဖုန်းဆက် ခြိမ်းခြောက် မှု ၂ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက “ကျမတို့ လိုက်ပါဆောင်ရွက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေမှာ ဆိုရင် များသောအားဖြင့် ထောင်ကျခံရတဲ့သူ ပြန်လွတ်လာမှာကို စိုးရိမ်တဲ့သူတွေ အများကြီးပဲ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အမျိုးသမီး အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ တခုရှိနေဖို့နဲ့ အပြစ်ကျခံတဲ့သူရဲ့ အကျင့်စာရိတ္တ ပြုပြင် ပြောင်းလဲဖို့။ ဒါတွေ လုပ်ပေးဖို့လိုအပ်တယ်”ဟု ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ အမြန်ဆုံး တရားစီရင်ပေးရန် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများကလည်း တောင်းဆို ထားသည်။
အမျိုးသမီးများအပေါ် ယခုကဲ့သို့သော ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်မလာစေရန် အတွက် အက်ဆစ်နှင့် ပက်သူအား ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ၁၅ နှစ်အထိ ကျခံစေချင်သည်ဟုလည်း အမျိုးသမီးငယ်က ပြောသည်။
အက်ဆစ်နှင့် အပက်ခံရမှုကြောင့် အမျိုးသမီးငယ်၏ မျက်လုံးတလုံး၊ နားတဖက်နှင့် မျက်နှာတခြမ်း ဆုံးရှုံးကာ လည်ပင်း၊ ပုခုံး၊ လက်နှစ်ဖက်နှင့် ရှေ့ရင်ပတ်တခြမ်းလုံး အက်ဆစ် ကျွမ်းလောင်မှု ဝေဒနာကို ပြင်းထန်စွာ ခံစား ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတခုတွင် ပထမဆုံး ခွဲစိတ်ကုသမှုခံယူခဲ့ ကြောင်း၊ နားကြားရန် အရည်ပျော်သွားသော နားရွက်တွင် အပေါက်ဖောက်၍ လေပြွန်နှင့် ချိတ်ဆက် ထားရသည်ဟု လည်း ဆိုသည်။
ဆေးကုသစရိတ် ကုန်ကျမှုအတွက် ကမ္ဘောဇဘဏ်လီမိတက် အပါအဝင် တဦးချင်း အလှူရှင်များ၊ အမျိုးသမီး အဖွဲ့ အစည်းများ က ပံ့ပိုးပေးသော်လည်း ဆက်လက်၍ ခွဲစိတ်ကုသရဦးမည့် ကုန်ကျစရိတ်များအတွက် အလှူရှင်များ လိုအပ်နေသည်ဟု အခရာ အမျိုးသမီး အဖွဲ့က ပြောသည်။
ကရင်အမျိုးသမီး ဖွံ့ဖြိုးရေး အဖွဲ့၊ အခရာ အမျိုးသမီး အဖွဲ့နှင့် Myanmar Women Positive Network အမျိုးသမီး အဖွဲ့ ၃ ဖွဲ့ က အက်ဆစ်နှင့် အပက်ခံရသည့် အမျိုးသမီးငယ်အတွက် “မြန်မာနိုင်ငံတွင် အက်ဆစ်နှင့် အကြမ်းဖက်မှု အလို မရှိ” ပြည်သူ့အသံနှင့် တောင်းဆိုမှုကို သြဂုတ်လအတွင်းက ပြုလုပ်ခဲ့ပြီး ယင်းပွဲမှ အမျိုးသမီးငယ် ခွဲစိတ်ကုသရန် အတွက် အလှူငွေ ကျပ် ၂၂ သိန်း ရရှိခဲ့ကြောင်း သိရသည်။
ပုဒ်မ ၃၂၆ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း(နှစ် ၂၀) ဖြစ်စေ၊ ၁၀ နှစ် ဖြစ်စေ အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၂၄ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် စလုံး ချမှတ်နိုင်သည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။