သတင်း

ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ ဦးရွှေမန်း တင်ပြ

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေ၏ ပုဒ်မတခုဖြစ်သည့် ၆၆ (ဃ)ကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောသည်။

ယမန်နေ့ နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဝင်းအတွင်း ကျင်းပသည့် ဦးရွှေမန်း၏ ကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့ တွေ့ဆုံစဉ် ဦးရွှေမန်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ယင်းပုဒ်မ ၆၆ (ဃ) သည် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများကို ပြုလုပ်ပေးရန် အစိုးရသို့ တောင်းဆိုခြင်း ခံထားရသည့် ပုဒ်မတခု  ဖြစ်သည်။

ယင်း ဥပဒေအရ ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်ထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည့် ပြစ်မှုတခုခုကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားပါက ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် ပတ်သက်၍ သုံးသပ်ကြည့်ရာတွင် Defamation ဟုခေါ်သည့် အသရေဖျက်မှုသည် နိုင်ငံတကာတွင်လည်း တရားမကြောင်းထဲတွင်သာ ထည့်သွင်းအသုံးပြုကြောင်း၊ ပြည်တွင်း ဥပဒေများတွင်လည်း အသရေဖျက်မှုချင်း တူသော်လည်း ယခုပုဒ်မတွင် ရဲအရေးပိုင် ဖြစ်နေခြင်း၊ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်စေနိုင်ခြင်း တို့ကြောင့် အာမခံကိစ္စတွင် ပြဿနာများ ဖြစ်နေကြောင်း ဦးရွှေမန်းက ပြောသည်။

“ဒီဥပဒေက ပုဒ်မ ၆၆ (ဃ) က အဲဒီ အပိုဒ်ကို ဆွဲထုတ်၊ အဲဒီမှာ မထားနဲ့။ ထည့်ချင်တယ်ဆိုရင် အဲဒီအပိုဒ်ကို သီးခြား ပြစ်ဒဏ် ဘယ်လောက် ဘယ်လောက် ပေးနိုင်တယ်ဆိုရင် အာမခံကိစ္စက အလိုအလျောက် ပြီးသွားနိုင်ပါတယ်။ ဒီအပေါ်ကို မူတည်ပြီး အဲဒီအကြောင်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီးပြီ။ လွှတ်တော် ဥက္ကဋ္ဌဆီကိုလည်း ပေးပြီးပြီ။ ဒီအတွက် ဥပဒေ ပြင်ဆင်ဖို ့ဥပဒေကြမ်းပါ တင်ပြီးပြီ” ဟု ဦးရွှေမန်းက ပြောသည်။

ယခုကဲ့သို့ ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ရန် ကြိုးစားခြင်းသည် Daily Eleven ကိစ္စ ပေါ်ပေါက်လာ၍ မဟုတ်ဘဲ ၆၆ (ဃ) ဖြင့် တရားစွဲခံရသည့် ချစ်သမီး၊ ပဲခူးမြို့မှ မစန္ဒီမြင့်အောင် အပါအဝင် ဖြစ်စဉ်အားလုံးကို လေ့လာသုံးသပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း ဦးရွှေမန်းက ပြောဆိုသည်။

သို့သော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကမူ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန် လွှတ်တော် ကိုယ်စားလှယ်ထဲမှ တင်ပြလာသူ တဦးတယောက်မျှ မရှိသဖြင့် လတ်တလောတွင် ပြင်ဆင်ရန် စီစဉ်မှု မရှိသေးကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading