ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် နဝင်းချောင်းဖျား တောင်နဝင်းသစ်တောကြိုးဝိုင်းအတွင်းမှာရှိတဲ့ ပေါ်လန်ကြီးဆင်စခန်း ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က နိုင်ငံခြားသားခရီးသွား ၂၀ ကျော် လာရောက်လည်ပတ်ခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် ပဲခူးရိုးမရှိ သစ်ထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှ စတင်ကာ တနှစ်လျှင် တကြိမ် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ရာ ယခုဆိုရင်လျှင် ၄ကြိမ်ရှိပြီဖြစ်ပါ တယ်။
ဒါဟာ သစ်တောပြုန်းတီးမှုတွေ များပြားလာတာကြောင့် သစ်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းခဲ့ရပြီးနောက် သဘာ၀ သစ်တောတွေ အပေါ် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားကာ လာရောက်လည်ပတ်ရေးအတွက် ပြောင်းလဲ လိုက်တဲ့ ခြေလှမ်းတလှမ်း ဖြစ်ပါတယ်။
ပြည်မြို့မှ ၄၇မိုင်ကွာဝေးပြီး ပဲခူးရိုးမပေါ်မှာ ဖောက်လုပ်ထားတဲ့ ပြည်- ပေါက်ခေါင်း- အုတ်တွင်း- တောင်ငူ ဆက်သွယ်ရေး ရိုးမဖြတ်လမ်းက နေ အတွင်းဖက်ကို တမိုင်ဝင်ရောက်သွားရင်ဖြင့် ပေါ်လန်ဆင်စခန်းကို ရောက်ပါပြီ။
ပေါ်လန်ကြီး သစ်ထုတ်လုပ်ရေးစခန်းဟာ အိမ်ထောင်စု ၃၇စုရှိတဲ့ ရွာဝိုင်းလေးဖြစ်ပြီး၊ မြန်မာ့သစ်လုပ်ငန်းက ဆင်ဦးစီး၊ ဆင်ခေါင်း၊ ဆင်အုပ်၊ ပဲ့စီးဆင်ဝန်ထမ်း မိသားစုတွေ အများစုနေထိုင်ပြီး သစ်လုပ်ငန်းပိုင် ဆင် ၁၃ကောင်ရှိပြီး၊ ဆင်တွေဟာ အသက်အရွယ် ကြီးမြင့်ကာ ၃၄နှစ်မှ ၇၅နှစ် သက်တမ်းရှိပြီဖြစ်တယ်လို့ သိရပါတယ်။
အရင်ကတော့ ပဲခူးရိုးမတကျောဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ကြီးစိုးခဲ့ရာ ဒေသဖြစ်ပြီး၊ နောက်ပိုင်း ပါတီဗဟို ပြိုကွဲပြီးနောက် ၁၉၇၅ခုနှစ်နောက်ပိုင်းမှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် လုပ်ဆောင်ခဲ့ရာမှာ ပေါ်လန်ကြီး၊ ပေါ်လန်လေး စတဲ့စခန်းတွေဟာ သစ်ထုတ်လုပ်ရေးအဖွဲ့တွေ အခြေချရာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားများ ဆင်တွေကိုစီးကာ သဘာဝတောတောင်ရေမြေအလှအပများကို ခံစားကြည့်ရှု နိုင်ဖို့ မြန်မာသစ်လုပ်ငန်းက စီစဉ် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်သစ်လုပ်ငန်းဦးစီးဌာနဟာ ပဲခူးရိုးမပေါ်က ဆင်စခန်းမျိုးသာမက ဧရာဝတီမြစ်ကမ်းနံဘေးက ပြည်-နတ်မှော်ကွေ့ သစ်ထုတ်လုပ်ရေးစခန်းကိုလည်း ခရီးသွားများ လာရောက်လေ့လာ အပန်းဖြေဖို့ ဆင်စခန်း အဖြစ် ပြောင်းလဲခဲ့ရာ၊ လှပတဲ့ ဧရာဝတီမြစ်ဘေးမှာ ဆင်စီးပြီး လေ့လာလို့ ရတဲ့အပြင်၊ ယူနက်စကို အသိအမှတ်ပြု သရေခေတ္တရာမြို့ဟောင်း အတွင်းကို ဆင်စီးပြီး ခရီးသွားများ လေ့လာနိုင်မယ့် အစီအစဉ်တွေ ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်။
တောင်ငူဘက်ခြမ်းမှာလည်း ဖိုးကျားဆင်စခန်းကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။